နေမိုး
၁၃. ၈. ၂၀၂၆
ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့တွင် လူသတ် ဓားပြတိုက်မှု နှစ်ကြိမ် ကျူးလွန်ခဲ့သည့် တရားခံ ၄ ဦးအား မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် “ဝ” လက်နက်ကိုင် UWSA တို့ ပူးပေါင်းအားထုတ်မှုဖြင့် အထူးဒေသ (၂)၊ မိုင်းပေါက်မြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း UWSA ပြောရေးဆိုခွင့်ရှိသူ ဦးညီရန်း၏ ယခုည ထုတ်ပြန်မှုအရ သိရသည်။

ဖြစ်စဥ်တွင် အဆိုပါ ဖမ်းမိတရားခံလေးဦးမှာ ၂၀၂၆ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့တွင် ကျိုင်းတုံမြို့၊ အမှတ် (၄) ရပ်ကွက်၊ မြို့သစ်ရပ်၊ လမ်းသွယ် (၃) ရှိ ငွေလဲလုပ်ငန်း လုပ်ကိုင်သူ ဦးဝမ်ကျိုင်း၏ နေအိမ်သို့ ပစ္စတို တစ်လက်ဖြင့် ဝင်ရောက်ပစ်ခတ်ကာ လုယက်မှုကြောင့် ဦးဝမ်ကျိုင်းသေဆုံးမှုအပြင် နေအိမ်ရှိငွေလွှဲလုပ်ငန်းငွေကြေးများ လုယက်ခံရမှုဖြစ်ပွားခဲ့သည်။

ထို့အပြင် ၂၀၂၆ ခုနှစ်၊ မေလ ၁၃ ရက်နေ့ကလည်း ကျိုင်းတုံမြို့၊ အမှတ် (၃) ရပ်ကွက်၊ ကျိုင်းစံရပ်၊ ကျိုင်းငန်းဝက်အင်းလမ်း၊ အိမ်အမှတ် ၃၅၀ ရှိ ခေမာရဋ္ဌ် ရွှေဆိုင်ပိုင်ရှင်၏ သားဖြစ်သူ စိုင်းရီတစ်စံအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ကာ ရွှေထည်နှင့် ငွေသားများကို လုယူထွက်ပြေးသွားသည့် ဖြစ်စဉ်တစ်ခု ထပ်မံဖြစ်ပွားခဲ့သည်။

ထိုလူသတ် လုယက် ပြစ်မှု နှစ်ကြိမ် ကျူးလွန်ထားသော တရားခံ ၄ ဦးဖြစ်သည့် မိုင်းပေါက်မြို့နယ်၊ မန်ကောင်းကျေးရွာတွင် နေထိုင်သော အသက် ၂၉ နှစ်အရွယ် ကျာစီး၊ မိုင်ကောင်းကျေးရွာနေ အသက် ၁၉ နှစ်အရွယ် ကျားဖော်စီးနှင့် မိုင်းခတ်မြို့နယ်၊ ကျိုင်းတုံမြို့တွင် နေထိုင်သော အသက် ၂၅ နှစ်အရွယ် ကျာစီးပေါ၊ အသက် ၂၂ နှစ်အရွယ် ကျားအော တို့ကို ဖမ်းမိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ လူသတ်၊ ဓားပြတိုက်မှု ၂ ခုကို အဓိကကျူးလွန်ထားသည့် တရားခံ ၄ ဦးအား ရဲတပ်ဖွဲ့နှင့် UWSA တို့ နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှုဖြင့် မိုင်းပေါက်မြို့တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ဆက်လက်၍ အရေးယူဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံ UWSA က လွှဲပြောင်းပေးခဲ့ကြောင်း သိရှိရသည်။

ထုတ်ပြန်သည့်ပုံများအရ တရားခံ ၄ ဦးနှင့် လက်နက်ခဲယမ်းများ တွေ့ရှိရသော်လည်း လုယက်ဓားပြတိုက်ယူခဲ့သည့် ရွှေငွေပစ္စည်းဥစ္စာများမှာမူ ထုတ်ပြန်ပုံရိပ်အတွင်း တွေ့ရှိရမှု မရှိသေးချေ။

