သက်တံ့
၁၃. ၈. ၂၀၂၆
ထိုင်းနိုင်ငံတွင် ပျောက်ဆုံးသွားခဲ့သဖြင့် ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုဆွေးနွေးနေကြသည့် တရုတ်အမျိုးသမီးတစ်ဦး၏ သတင်းနှင့် ပတ်သက်၍ အဆိုပါ အမျိုးသမီးသည် တရုတ်နိုင်ငံသို့ ဘေးကင်းစွာ ပြန်လည်ရောက်ရှိနေပြီဟု ဆိုရှယ်မီဒီယာပေါ်တွင် ပို့စ်တစ်ခု ထွက်ပေါ်လာခဲ့သည်။
သို့သော် အဆိုပါပို့စ်မှာ ပြင်ဆင်ထားသည့် လက္ခဏာများ တွေ့ရှိရသဖြင့် အွန်လိုင်းအသုံးပြုသူများအကြား သံသယများ ဖြစ်ပေါ်လျက်ရှိသည်။
အသက် ၂၄ နှစ်အရွယ်ရှိ ချီမန်း (Qi Meng) အမည်ရှိ အဆိုပါ အမျိုးသမီးသည် ဩဂုတ် ၁၂ ရက်နေ့တွင် ထိုပို့စ် ထွက်ပေါ်မလာမီ ထိုင်းနိုင်ငံ၌ သတင်းအစအနမရဘဲ ပျောက်ဆုံးနေသည်မှာ တစ်ပတ်ကျော်ကြာ မြင့်ခဲ့ပြီ ဖြစ်သည်။ သတင်းများအရ သူမသည် ဩဂုတ် ၂ ရက်နေ့က ပထမဆုံးအကြိမ်အဖြစ် ပြည်ပသို့ ခရီးထွက်ခွာခဲ့ခြင်းဖြစ်ပြီး မလေးရှားနိုင်ငံမှတစ်ဆင့် ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လေယာဉ်ဖြင့် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
လေဆိပ်မှ ထွက်ခွာပြီးနောက် သူမအား ချင်းမိုင်မြို့သို့ လိုက်ပို့ပေးမည်ဟု ကမ်းလှမ်းသည့် သူစိမ်းတစ်ဦး၏ ယာဉ်ကို စီးနင်းခဲ့ကြောင်း သိရသည်။ ထိုယာဉ်ပေါ်သို့ တက်သွားပြီးနောက် မကြာမီမှာပင် မိသားစု၊ သူငယ်ချင်းများနှင့် အဆက်အသွယ် ပြတ်တောက်သွားခဲ့ခြင်းဖြစ်ကြောင်း တိုက်ရိုက်ထုတ်လွှင့်မှု (Livestream) တစ်ခုတွင် ပြောကြားခဲ့သည့် သူမ၏ သူငယ်ချင်းဖြစ်သူ၏ ပြောဆိုချက်အရ သိရသည်။
ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ချီမန်း၏ မိသားစုထံမှ အဆက်အသွယ် ရရှိထားပြီး ထိုင်းရဲတပ်ဖွဲ့ထံ အမှုဖွင့်တိုင်ကြားရာတွင် ပါဝင်သည့် လုပ်ထုံးလုပ်နည်းများနှင့် လိုအပ်ချက်များကို ရှင်းလင်းပြောကြားထားပြီးဖြစ်ကြောင်း ဩဂုတ် ၁၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ မိသားစုနှင့် နီးကပ်စွာ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည်ဟုလည်း သံရုံးက ဆိုသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ သတင်းဖော်ပြချက်များတွင် သူမကို ရှာဖွေရာ၌ စိတ်သောကရောက်မှုများကြောင့် မိသားစုဝင်များ ဆေးရုံတက်ခဲ့ရကြောင်းနှင့် ပြန်ပေးဆွဲ၍ ငွေတောင်းခံရန် ညှိနှိုင်းမှုများ ဖြစ်နိုင်ကြောင်း သူငယ်ချင်းအချို့က ခန့်မှန်းပြောဆိုခဲ့သော်လည်း အတည်ပြုနိုင်သည့် တောင်းဆိုချက် အသေးစိတ်ကိုမူ တရားဝင် ထုတ်ပြန်ထားခြင်း မရှိပေ။
ဩဂုတ် ၁၂ ရက်နေ့က ထွက်ပေါ်လာသည့် ပို့စ်တွင်မူ ချီမန်း၏ အကောင့်ဟု ယူဆရသည့် အကောင့်တစ်ခုမှ ဖုန်းပျောက်သွားခဲ့သဖြင့် အဆက်အသွယ် ပြတ်တောက်ခဲ့ရခြင်းဖြစ်ကြောင်းနှင့် စိတ်ပူပေးကြသည့် စုစည်းစောင့်ကြည့်သူ (Followers) များကို ကျေးဇူးတင်ရှိကြောင်း ဖော်ပြထားသည်။
အဆိုပါပို့စ်၏ IP တည်နေရာကို ပေကျင်း မြို့တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်ဟု ဖော်ပြထားပြီး ပို့စ်နှင့်အတူ ပူးတွဲပါရှိသော ဓာတ်ပုံတွင်လည်း ယင်းတည်နေရာအတိုင်း ဩဂုတ် ၁၂ ရက်၊ နံနက် ၁၀ နာရီ ၅၅ မိနစ်ဟူသော Watermark အမှတ်အသား ပါရှိသည်။
သို့သော် အဆိုပါ ပို့စ်တွင် ရေးသားထားသော စာသားများကို အကြိမ်ကြိမ် ပြင်ဆင်ခဲ့သည်ကို လူမှုကွန်ရက် အသုံးပြုသူများက သတိပြုမိခဲ့ကြပြီးနောက် သံသယများ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ ယင်းပြင်ဆင်မှုများတွင် သူမအား ခေါ်ဆိုသည့် အမည်ကို “qm” မှ “Xiao Meng” သို့ ပြောင်းလဲခဲ့ခြင်းနှင့် မှတ်ချက်အချို့ကို ဖျက်ပစ်ခဲ့ခြင်းတို့ ပါဝင်သည်။
ထို့ကြောင့် အဆိုပါ အကောင့်ကို ချီမန်း မဟုတ်သည့် အခြားသူတစ်ဦးဦးက ဝင်ရောက်အသုံးပြုနေခြင်း သို့မဟုတ် ထိန်းချုပ်ထားခြင်း ရှိမရှိအပေါ် သံသယဖြစ်ဖွယ် ခန့်မှန်းတွေးဆမှုများ ဖြစ်ပေါ်စေခဲ့သည်။
ဩဂုတ် ၁၂ ရက် ညနေပိုင်းအထိ သူမ ကိုယ်တိုင် ရုပ်သံဖြင့် တိုက်ရိုက်ထွက်ပေါ်လာခြင်း မရှိသေးသလို ဆွေမျိုးများထံမှ တရားဝင် အတည်ပြုချက် သို့မဟုတ် တရုတ်နိုင်ငံသို့ ပြန်လည်ရောက်ရှိကြောင်း သီးခြားအတည်ပြုနိုင်သည့် ခရီးသွားမှတ်တမ်းများလည်း ထွက်ပေါ်မလာသေးပေ။
သီးခြား သတင်းဖော်ပြချက်တစ်ခုအဖြစ် Mothership.sg က ဖော်ပြရာတွင် အဆိုပါဖြစ်စဉ်၌ ကူညီပေးပါရန် စတင်အကူအညီတောင်းခံခဲ့သည့် ပို့စ်အချို့၏ IP လိပ်စာများကို စုံစမ်းကြည့်ရာ တရုတ်နိုင်ငံမဟုတ်ဘဲ ကမ္ဘောဒီးယားနိုင်ငံရှိ IP လိပ်စာတစ်ခုသို့ သွားရောက်တွေ့ရှိခဲ့ရသဖြင့် အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ရှုပ်ထွေးမှုများ ပိုမိုမြင့်တက်လာခဲ့သည်။
Ref: The Thaiger
