၁၃.၈.၂၀၂၆
Written by Linn Eain
ဝမ်းပျက်/ဝမ်းလျှောရောဂါဖြစ်ပွားနေမှုကြောင့်
ရန်ကုန်မြို့တွင်းရှိ နေအိမ်အထပ်မြင့်တိုက်များတွင် ကလိုရင်းဆေးများ ဩဂုတ် ၁၃ ရက် ညနေပိုင်းက လိုက်လံခတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကလိုရင်းခတ်မှုကို ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လသာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒလမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှ ပူးပေါင်း၍ လသာမြို့နယ်အတွင်းရှိ အထပ်မြင့်တိုက်များ၏ မြေအောက်သုံးရေကန်များတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကလိုရင်းဆေးခတ်ရာတွင် တိုက်အောက်ကန်များရှိ ဂါလံအလိုက် ဆေးခတ်ရမည့် ပမာဏများကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ရှင်းပြခြင်းနှင့် လိုက်လံခတ်ခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။





ကလိုရင်းဆေးခတ်မှုကို ၁၀ ရက်တိတိပြုလုပ်ရမည်ဖြစ်ပြီး နောက် ၉ ရက်စာအတွက် ကလိုရင်းများကို နေအိမ်တိုက်တာဝန်ရှိသူများထံ အခမဲ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကလိုရင်းဆေးသည် ရေထဲရှိ ဘက်တီးရီးယားများကို သေစေနိုင်ပြီး ပိုးမွှားများကို သန့်စင်ပေးနိုင်သဖြင့် တာဝန်ရှိသူများက လိုက်လံခပ်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ဝမ်းပျက်/ဝမ်းလျှောရောဂါဖြစ်ပွားနေသည့် လသာမြို့နယ်ရှိ ၁၉ လမ်း(တရုတ်တန်း)ကို ၅ ရက်မှ ၇ ရက်အထိ ဩဂုတ် ၁၃ ရက်က စတင်၍ ပိတ်ခိုင်းထားပြီး ဆိုင်ခန်းများနှင့် လမ်းဘေးဈေးသည်များလည်း ပိတ်သိမ်းထားကြောင်း သိရသည်။
လသာမြို့နယ်ရှိ ၁၉ လမ်းအပါအဝင် ၁၈ လမ်း၊ လမ်း ၂၀ တို့တွင်လည်း လမ်းဘေးဈေးသည်များ ဈေးရောင်းခြင်းကို တားမြစ်ထားကြောင်း သိရသည်။
ရန်ကုန်မြို့လယ် လေးမြို့နယ် (လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတားမြို့နယ်) တွင် ဖြစ်ပွားနေသည့် ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ဆေးရုံတင်ပို့ကုသခံနေရသူ ၁၈၀ ကျော်အနက် ပြင်းထန်ဝမ်းပျက်/ဝမ်းလျှောရောဂါပိုးတွေ့သူ ၅၄ ဦးရှိကာ သက်ကြီးလူနာတစ်ဦး သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဩဂုတ် ၁၃ ရက်တွင် သိရသည်။
