၁၃.၈.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန် သမ္မတ အိမ်ဖြူတော် သတင်းထုတ်ပြန်ရေး အတွင်းရေးမှူး ကယ်ရိုလိုင်း လီဗစ် (Karoline Leavitt) ဟာ သူ့ရဲ့ မိသားစုနဲ့ အချိန်ပိုမိုကုန်ဆုံးနိုင်ဖို့အတွက် သြဂုတ်လကုန်မှာ ရာထူးမှနုတ်ထွက်ပြီး ထရမ့်ပ်အစိုးရကို စွန့်ခွာတော့မှာဖြစ်တယ်လို့ သိရပါတယ်။
သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်က အသက် ၂၈ နှစ်အရွယ် လီဗစ် ရာထူးမှ နုတ်ထွက်မယ်လို့ ကြေညာအပြီး မကြာမီမှာပဲ လူမှုမီဒီယာမှာ ရေးသားခဲ့တဲ့ ပို့စ်တစ်ခုမှာ လီဗစ်က သူ့အတွက်လည်း ကောင်းမွန်တဲ့ ခံစားချက်တွေနဲ့ မကောင်းတဲ့ခံစားချက်တွေ ရောနှောနေတဲ့ ဆုံးဖြတ်ချက်ပါပဲလို့ ရေးသားခဲ့ပါတယ်။ မေလမှာ ဗီဗီယာနာ (Viviana) အမည်ရှိ သူမရဲ့ ဒုတိယမြောက် ရင်သွေးငယ်ကို မွေးဖွားပြီးနောက် မကြာသေးမီက လီဗစ်ဟာ အိမ်ဖြူတော် အလုပ်ခွင်ကို ပြန်လည်ရောက်ရှိလာခဲ့တာပါ။ လီဗစ်မှာ နှစ်နစ် အရွယ် သားတစ်ဦးလည်း ရှိပါတယ်။
လီဗစ်က “အမှန်ကတော့ ကျွန်မရဲ့ သမီးငယ် မွေးဖွားပြီးနောက် အိမ်ဖြူတော်ကို ပြန်လာကတည်းက အိမ်ဖြူတော် သတင်းထုတ်ပြန်ရေး အတွင်းရေးမှူးအနေနဲ့ လိုအပ်တဲ့ အချိန်၊ စွမ်းအင်နဲ့ အာရုံစိုက်မှုကို အဆက်မပြတ် ပေးဆပ်နေရတော့ ကျွန်မရဲ့ ငယ်ရွယ်တဲ့ ကလေးနှစ်ယောက်အတွက် ထိုက်တန်တဲ့ အကောင်းဆုံး မိခင်တစ်ယောက် မဖြစ်နိုင်ဘူးလို့ ကျွန်မ နှလုံးသားထဲမှာ ခံစားခဲ့ရပါတယ်။ ဒါကြောင့် အိမ်ဖြူတော်ကနေ နုတ်ထွက်ပြီး ကျွန်မဘဝရဲ့ အခန်းကဏ္ဍအသစ်ကို စတင်ဖို့ ဒီခံစားချက်တွေ ရောနှောနေတဲ့ ဆုံးဖြတ်ချက်ကို နောက်ဆုံးမှာ ချမှတ်ခဲ့ရတာပါ” လို့ ရေးသားခဲ့ပါတယ်။
ထရမ့်ပ်က ဒီအဆင့်မြင့်ရာထူးအတွက် သူမရဲ့နေရာမှာ ဘယ်သူ့ကိုအစားထိုးမလဲဆိုတာကို အစီ အစဉ် မချခဲ့သေးပါဘူး။ ထရမ့်ပ်က ကိုယ်ပိုင် လူမှုမီဒီယာပို့စ်တစ်ခုမှာ သူမရဲ့ နုတ်ထွက်ဖို့ ဆုံးဖြတ်ချက်ကို ကျွန်တော် လုံးဝနားလည်ပြီး လေးစားပါတယ် လို့ ပြောကြားခဲ့ပြီး သူ့ရဲ့ လမ်းကြောင်းမှာ သူမဟာ ဆက်လက်ပါဝင်သွားမယ်လို့ ညွှန်ပြပြောကြားခဲ့ပါတယ်။
“ကယ်ရိုလိုင်း လီဗစ်ဟာ အခုဆိုရင် ကျွန်တော့်ရဲ့ ထိပ်တန်းပြင်ပအကြံပေးတစ်ဦးဖြစ်လာပြီး ရီပတ်ဘလီကန်ပါတီအတွင်း ဩဇာကြီးမားတဲ့ အသံတစ်ခု ဖြစ်လာတော့မှာပါ။ သမိုင်းကို ဆန့်ကျင်ပြီး ကြားဖြတ်ရွေးကောက်ပွဲမှာ အပြီးသတ်အနိုင်ရဖို့လည်း လီဗစ်က ကြိုးစားနေပါတယ်” လို့ သမ္မတက ရေးသားခဲ့ပါတယ်။
၂၀၂၄ ရွေးကောက်ပွဲလှုပ်ရှားမှု မတိုင်ခင်မှာ လီဗစ်ဟာ ထရမ့်ပ် ကို ထောက်ခံတဲ့ နိုင်ငံရေးအဖွဲ့ တစ်ခုဖြစ်တဲ့ MAGA Inc. ရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်မှာ သူမဟာ နယူး ဟမ်ရှိုင်းယားပြည်နယ်ကနေ ကွန်ဂရက်လွှတ်တော်အတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရီပတ်ဘလီကန်ပါတီဝင် ၁၀ ယောက်ရဲ့ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ပါတယ်။ အထွေထွေ ရွေးကောက်ပွဲမှာတော့ လက်ရှိဒီမိုကရက်တစ်ပါတီဝင်အမတ် ခရစ် ပတ်ပါးစ်ကို ရှုံးနိမ့်ခဲ့ပါတယ်။
ထရမ့်ပ်ရဲ့ သမ္မတ ပထမသက်တမ်းအတွင်း လီဗစ်ဟာ အိမ်ဖြူတော် သတင်းထုတ်ပြန်ရေးရုံးမှာ လက်ထောက်အဖြစ် လုပ်ကိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာ သူမဟာ နယူးယော့ခ် ရီပတ်ဘလီကန်ပါတီဝင် အမတ် အီလစ် စတီဖာနစ်ရဲ့ ဆက်သွယ်ရေးဒါရိုက်တာ ဖြစ်လာခဲ့ပါတယ်။
အိမ်ဖြူတော်သတင်းထုတ်ပြန်ရေး အတွင်းရေးမှူးတာဝန်ထမ်းဆောင်သူတွေအနက် အသက်အငယ်ဆုံးဖြစ်တဲ့ လီဗစ်ဟာ သူမရဲ့ မကြာသေးမီက ရှေ့ကလူတွေထက် အိမ်ဖြူတော် သတင်းထုတ်ပြန်ရေးအခန်းကနေ အကျဉ်းချုပ်ပြောကြားမှုကို နည်းပါးစွာ ပြုလုပ်ခဲ့ပါတယ်။ အိမ်ဖြူတော်ပွဲတွေနဲ့ ခရီးသွားလာမှုတွေအတွင်း သတင်းထောက်တွေနဲ့ မှန်မှန်ထိတွေ့ဆက်ဆံလေ့ရှိတဲ့ ထရမ့်ပ်ဟာ အဓိကအားဖြင့် လီဗစ်ကို Fox News နဲ့ အခြားရှေးရိုးစွဲသတင်းဌာနတွေကို စေလွှတ်ပြီး သူ့ရဲ့အစီအစဉ်ကို ဖော်ထုတ်ဖို့နဲ့ ဒီမိုကရက်အမက်တွေနဲ့ အဓိကမီဒီယာများကို ဝေဖန်တိုက်ခိုက်ဖို့ စေခိုင်းခဲ့ပါတယ်။
Ref: AP
