◾ ကျောင်းသားလူငယ်များ ကျန်းမာကြံ့ခိုင်ပြီး ဗလငါးတန်နှင့်ပြည့်စုံသည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်လာရေး ကျောင်းကျန်းမာရေးနှင့် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများ အလေးထားဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ တိုက်တွန်း
◾ကျောင်းပတ်ဝန်းကျင် ပေ ၁၀၀ အတွင်း ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း ရောင်းချခြင်း၊ ကြော်ငြာခြင်း တားမြစ်ချက်နှင့် Vape ဆိုင်ရာ တားမြစ်ချက်များကို ဥပဒေနှင့်အညီ ထိန်းသိမ်းကြပ်မတ်၍ ထိရောက်စွာ အရေးယူရန် လိုအပ်ကြောင်းပါ မှာကြား
MT News
၁၀. ၈. ၂၀၂၆
ယနေ့ကျောင်းသားလူငယ်များသည် နောင်အနာဂတ် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့်အတွက် ကာယ၊ ဉာဏ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ကျောင်းကျန်းမာရေးနှင့် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ကျင်းပသည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု (ဗဟိုအဆင့်) အထိမ်းအမှတ်အခမ်းအနားတွင် ပြောကြားခဲ့သည်ဟု နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ထုတ်ပြန်ပြောကြားသည်။

နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်က နိုင်ငံသားတိုင်း ကျန်းမာကြံ့ခိုင်ပြီး သက်တမ်းစေ့အသက်ရှည်စွာ နေထိုင်နိုင်ရေးအတွက် “လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိ” ဆိုသည့် ဦးတည်ချက်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ကလေးဘဝမှစ၍ ကျန်းမာရေးနှင့်ညီညွတ်သည့် လူနေမှုပုံစံနှင့် အမူအကျင့်ကောင်းများ စွဲမြဲလာစေရေး လေ့ကျင့်ပေးရန်နှင့် ကျောင်းသားများမှတစ်ဆင့် မိသားစုနှင့် လူမှုအသိုက်အဝန်းအထိ ကျန်းမာရေးအသိ ပျံ့နှံ့စေရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှ KG ကျောင်းသားများအတွက် စတင်ဆောင်ရွက်ခဲ့သည့် တစ်ဦးချင်း ကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကတ်စနစ်ကို ယခု ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှစ၍ Grade-12 အထိ စဉ်ဆက်မပြတ် လွှမ်းခြုံနိုင်ရေး တိုးမြှင့်ဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း ပြောကြားခဲ့သည်ဟု သိရသည်။
ထို့အပြင် KG ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းတွင်းအာဟာရကျွေးမွေးရေးကို ဆက်လက်ဆောင်ရွက်ရန်နှင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ရန်ပုံငွေကျပ် ၂ ဒသမ ၈၂ ဘီလီယံကို ပထမအကြိမ် ခွဲဝေချထားပြီး ဆက်လက်တိုးမြှင့်ချထားပေးသွားမည်ဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ်အတွင်း အသက် ၁၃ နှစ်မှ ၁၇ နှစ်အရွယ် ကျောင်းသား၊ ကျောင်းသူ ၁,၁၅၅ ဦးကို လေ့လာဆန်းစစ်ရာ ၂၃ ရာခိုင်နှုန်း ကိုယ်အလေးချိန်လျော့နည်းပြီး ၄ ဒသမ ၅ ရာခိုင်နှုန်း အဝလွန်နေသည်ကို တွေ့ရှိရကြောင်း၊ ကျောင်းသား၊ ကျောင်းသူ သုံးပုံတစ်ပုံခန့်သာ တစ်ပတ်လျှင် အနည်းဆုံး တစ်နာရီခန့် ကိုယ်လက်လှုပ်ရှားမှုရှိပြီး ဆယ်ပုံတစ်ပုံခန့်မှာ စိတ်ဖိစီးမှုခံစားနေရသည်ကို တွေ့ရှိရကြောင်းလည်း ဦးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။

ယင်းအပြင် ဆယ်ကျော်သက်ကျောင်းသားများအကြား Vape အပါအဝင် ဆေးလိပ်၊ အရက်ပါဝင်သည့် အဖျော်ယမကာနှင့် မူးယစ်ဆေး စမ်းသပ်သုံးစွဲမှုများရှိနေသဖြင့် ကျောင်းအားလုံးကို ဆေးလိပ်ကင်းစင်သည့်ကျောင်းများ အဖြစ် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ပြီး ကျောင်းပတ်ဝန်းကျင် ပေ ၁၀၀ အတွင်း ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း ရောင်းချခြင်း၊ ကြော်ငြာခြင်း တားမြစ်ချက်နှင့် Vape ဆိုင်ရာ တားမြစ်ချက်များကို ဥပဒေနှင့်အညီ ထိန်းသိမ်းကြပ်မတ်၍ ထိရောက်စွာ အရေးယူရန် လိုအပ်ကြောင်း၊ ကျောင်းမုန့်ဈေးတန်းများကို ပုံမှန်စစ်ဆေး၍ အာဟာရပြည့်ဝပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအစာများသာ ရောင်းချစေရန်နှင့် အစားအစာရောင်းချသူများကို ကျန်းမာရေးစစ်ဆေးရန် လိုအပ်ကြောင်း၊ လုံလောက်သည့် အိပ်စက်ချိန်ရရှိရေး၊ စိတ်ဖိစီးမှုခံစားနေရသည့် ကလေးများကို မိဘနှင့်ဆရာများက ပူးပေါင်း၍ ပံ့ပိုးကူညီနိုင်သည့် ပတ်ဝန်းကျင်နှင့် အပြုသဘောဆောင်သော ဆက်ဆံရေးများ ဖန်တီးပေးရန် လိုအပ်ကြောင်းလည်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။
အထက်ပါ ပြောကြားချက်များအပြင် ၂၀၃၀ ပြည့်နှစ်တွင် နိုင်ငံ၏ မျှော်မှန်းသက်တမ်း တိုးမြှင့်လာရေးနှင့် အရွယ်မတိုင်မီသေဆုံးမှု လျှော့ချရေးအတွက် ကျန်းမာရေးနှင့်ညီညွတ်သည့် လူနေမှုဘဝပုံစံများကို ကျောင်းနေအရွယ်ကတည်းက လေ့ကျင့်သင်ကြားပေးရန် လိုအပ်ကြောင်းနှင့် ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် အားကစားရေးရာဝန်ကြီးဌာနတို့ ပူးပေါင်း၍ ကျောင်းကျန်းမာရေး၊ အာဟာရဖွံ့ဖြိုးရေးနှင့် ကျောင်းသားလူငယ်များ၏ ကာယ၊ ဉာဏ ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းများကို ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းကိုလည်း နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်က အဓိကထား ပြောကြားခဲ့သည်။
