၁၀.၈.၂၀၂၆
Translated by Htwe Ko Tun
ထိုင်းနိုင်ငံ၊ နာခွန်ဆီသမ္မာရတ်ပြည်နယ်၊ သာဝမ်မြို့တွင် ဩဂုတ်လ ၇ ရက်က ချစ်သူကို သတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲခံရကာ ဖမ်းဝရမ်း ထုတ်ခံထားရသော အမျိုးသားတစ်ဦးမှာ ဩဂုတ်လ ၉ ရက်၊ တနင်္ဂနွေနေ့ နံနက်အစောပိုင်းတွင် သာဝမ်မြို့ရှိ ၎င်း၏နေအိမ် အပြင်ဘက်၌ ပစ်သတ်ခံထားရသည်ကို ရဲတပ်ဖွဲ့က တွေ့ရှိခဲ့သည်။
အသက် ၃၃ နှစ်အရွယ် ကစ်တီပတ် မတ်ဒ်မန်း၏ အလောင်းမှာ လမ်းပေါ်တွင် လဲကျနေပြီး ခြေထောက်နှစ်ဖက်စလုံးမှာ လဲကျနေသော ၎င်း၏ ဆိုင်ကယ်ပေါ်သို့ တင်နေသည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
၎င်း၏ ညာဘက်နားထင်တွင် သေနတ်ဒဏ်ရာ တွေ့ရပြီး ၉ မီလီမီတာ ပစ္စတိုတစ်လက်နှင့် ကျည်ဆန်ခွံတစ်တောင့်ကိုလည်း အလောင်းဘေးတွင် တွေ့ရှိခဲ့သည်။ ယင်းသေနတ်မှာ ဩဂုတ်လ ၇ ရက်က ထိုအိမ်၌ပင် ၎င်း၏ချစ်သူကို သတ်ဖြတ်ရာတွင် အသုံးပြုခဲ့သော သေနတ်နှင့် အတူတူပင်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။
ကစ်တီပတ်သည် ထရန်ပြည်နယ်မှ အသက် ၃၄ နှစ်အရွယ် ချစ်သူဖြစ်သူ ဆူဒါပွန် ဂျီထရာအား ပစ်သတ်မှုဖြင့် တရားရုံးက ဖမ်းဝရမ်းထုတ်ထားသူဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ ၎င်းသည် ချစ်သူဖြစ်သူ ဆူဒါပွန်အား ဩဂုတ်လ ၇ ရက်က သေနတ်ဖြင့် သုံးကြိမ်ပစ်ခတ် သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။
ကစ်တီပတ်နှင့် ဆူဒါပွန်တို့သည် တရားဝင် လက်မထပ်ရသေးသော်လည်း ကစ်တီပတ်၏ မိခင်နှင့်အတူ အဆိုပါအိမ်တွင် အတူနေထိုင်ကြသူများ ဖြစ်သည်။
ဩဂုတ်လ ၇ ရက်တွင် ကစ်တီပတ်၏ မိခင်က စုံတွဲ၏ အိပ်ခန်းအတွင်းမှ သေနတ်သံ သုံးချက်ကြားရကြောင်း ရဲတပ်ဖွဲ့ထံ ထွက်ဆိုခဲ့သည်။ ထို့နောက် သားဖြစ်သူ ကစ်တီပတ်သည် မော်တော်ဆိုင်ကယ်ဖြင့် အိမ်မှ ထွက်ပြေးသွားခဲ့သည်ကို တွေ့ရသဖြင့် အခန်းအတွင်းသို့ သွားရောက်ကြည့်ရှုရာ ဆူဒါပွန်မှာ လက်ကိုင်ဖုန်း အသုံးပြုနေစဉ် ပစ်သတ်ခံရသည့် ပုံစံဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်။
ကစ်တီပတ်သည် သဝန်တိုတတ်သူဖြစ်ပြီး စုံတွဲမှာ မကြာခဏ ရန်ဖြစ်လေ့ရှိကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
ဆူဒါပွန်က ဖုန်းဖြင့် အခြားအမျိုးသားတစ်ဦးနှင့် စကားပြောနေသည်ကို ကစ်တီပတ်က ရိပ်မိတွေ့ရှိသွားခဲ့ခြင်း ဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က သံသယရှိနေကြောင်း သိရသည်။
Ref: Bangkok Post
