၁၀.၈.၂၀၂၆
Written by Linn Eain
၂၀၂၆ – ၂၀၂၇ ပညာသင်နှစ် ကျောင်းပြင်ပမူလတန်းပညာရေးနှင့် ကျောင်းပြင်ပအလယ်တန်းပညာရေးအတန်းနေရာချထားမှုစစ်ဆေးခြင်း (Placement Test) စာမေးပွဲကို ဩဂုတ် ၉ ရက်၊ နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ ကျောင်းသားစုစုပေါင်း ၂၃၀၀ ကျော် လာရောက်ဖြေဆိုခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။
ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းပြင်ပရောက်ကလေးများအတွက် အထူးအစီအစဉ်တစ်ရပ်အနေ ဖြင့် ၂၀၂၆ – ၂၀၂၇ ပညာသင်နှစ် ကျောင်းပြင်ပမူလတန်းပညာရေးနှင့် ကျောင်းပြင်ပအလယ်တန်းပညာရေး အတန်းနေရာချထားမှုစစ်ဆေးခြင်း (Placement Test) စာမေးပွဲကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ သတ်မှတ်ထားသော စာဖြေဌာနများ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ Placement Test စာမေးပွဲသို့ ကျောင်းပြင်ပရောက် မူလတန်းကျောင်းသား ၆၉၃ ဦးနှင့် အလယ်တန်းကျောင်းသား ၁၆၆၂ ဦး၊ စုစုပေါင်း ၂၃၅၅ ဦး လာရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။
အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပသို့ ရောက်ရှိနေသည့် သက်လွန်ကျောင်းပြင်ပရောက် ကျောင်းသား၊ ကျောင်းသူများကို ကျောင်းပြင်ပ မူလတန်းပညာရေး-NFPE တွင် အသက် ၁၀ နှစ်မှ ၁၆ နှစ်အတွင်းရှိသူများအားလည်းကောင်း၊ ကျောင်းပြင်ပ အလယ်တန်းပညာရေး-NFME တွင် အသက် ၁၃ နှစ်မှ အသက် ၂၁ နှစ်အတွင်းရှိသူများအားလည်းကောင်း အတန်းနေရာချထားစစ်ဆေးမှု (Placement Test) အား အထူးအစီအစဉ်တစ်ရပ်အနေဖြင့်သတ်မှတ်၍ ကျင်းပခဲ့ခြင်းဖြစ်သည်။
ကျောင်းပြင်ပမူလတန်းပညာရေး-NFPE နှင့် ကျောင်းပြင်ပအလယ်တန်းပညာရေး-NFME တွင် ဖြေဆိုရန်အတွက် ပညာရေးဆိုင်ရာ ထောက်ခံချက်များ သို့မဟုတ် အရေးပေါ်အခြေအနေကြေညာထားသည့် မြို့နယ်များမှ အမှန်တကယ်ပြောင်းရွှေ့နေထိုင်သူဖြစ်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်မူရင်း၊ အသက်ထောက်ခံချက်နှင့်အတူ မြို့နယ်ပညာရေးမှူးရုံးများတွင် လျှောက်ထားစာရင်းပေးသွင်း၍ ဖြေဆိုခွင့်ပြုခဲ့ကြောင်း သိရသည်။
