သက်တံ့
၁၀. ၈. ၂၀၂၆
၂၀၂၄ ခုနှစ်တွင် တာဝန်မှ အနားယူသွားခဲ့သည့် ဒဗလျူ ပက်ထရစ် မာဖီ (W Patrick Murphy) ၏ နေရာတွင် အစားထိုးရန် ခရစ္စတိုဖာ အန်ဒါဆန် (Christopher Anderson) အား ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးသစ်အဖြစ် တရားဝင် အတည်ပြု ခန့်အပ်လိုက်ပြီဖြစ်သည်။
အန်ဒါဆန်အား ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ရန် အမေရိကန် ဆီးနိတ်လွှတ်တော်က သောကြာနေ့တွင် အတည်ပြုခဲ့ခြင်းဖြစ်သည်။
ဇူလိုင် ၁၆ ရက်နေ့က ပြုလုပ်ခဲ့သည့် အမေရိကန် ဆီးနိတ်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ ရှေ့မှောက်ထွက်ဆိုမှုတွင် အန်ဒါဆန်က နယ်စပ်ဖြတ်ကျော် ဆိုင်ဘာ ရာဇဝတ်မှုများကို တိုက်ဖျက်ရေး၊ စီးပွားရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး၊ အာဆီယံနှင့် မဲခေါင်-အမေရိကန် ပူးပေါင်းဆောင်ရွက်ရေး စသည့် ဒေသတွင်း မူဘောင်များမှတစ်ဆင့် ဆက်ဆံရေး တိုးမြှင့်ရေးတို့ကို ၎င်း၏ အဓိက လုပ်ငန်းစဉ်များအဖြစ် အကျဉ်းချုပ် တင်ပြခဲ့သည်။
ထို့အတူ အွန်လိုင်းလိမ်လည်မှု ကျားဖြန့်စခန်း (Online scam compounds) များသည် နှစ်နိုင်ငံ ဆက်ဆံရေးတွင် အကြီးမားဆုံး စိန်ခေါ်မှုတစ်ခုဖြစ်ပြီး ယင်းမှာ ရာဇဝတ်မှုဆိုင်ရာ တရားဥပဒေစိုးမိုးရေး ကိစ္စရပ်သာမက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတစ်ခုလည်း ဖြစ်ကြောင်း မစ္စတာ အန်ဒါဆန်က ပြောကြားခဲ့သည်။
ထို့အပြင် ရာဇဝတ်ကွန်ရက်များသည် လူကုန်ကူးခြင်းနှင့် အဓမ္မ ခိုင်းစေခြင်းတို့မှတစ်ဆင့် လူပေါင်း ထောင်သောင်းချီကို ခေါင်းပုံဖြတ်လျက်ရှိပြီး အမေရိကန် နိုင်ငံသားများထံမှ အမေရိကန်ဒေါ်လာ ဘီလီယံပေါင်းများစွာကို ခိုးယူခဲ့ကြကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
“ကျွန်တော့်ကို သံအမတ်အဖြစ် အတည်ပြုလိုက်ပြီဆိုရင် ကမ္ဘောဒီးယား အာဏာပိုင်တွေ၊ ဒေသတွင်း မိတ်ဖက်တွေနဲ့ အတူတကွ လက်တွဲပြီး ထိရောက်တဲ့ ရလဒ်တွေ ထွက်ပေါ်လာအောင် အရေးတကြီး ဆောင်ရွက်သွားမှာပါ” ဟု မစ္စတာ အန်ဒါဆန်က ပြောသည်။
ဆီးနိတ်လွှတ်တော်အမတ် စတီးဗ် ဒိန်းစ် (Steve Daines) ၏ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးဖြစ်သူ မစ္စတာ အန်ဒါဆန်သည် အမေရိကန်အစိုးရ၏ အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေး မဏ္ဍိုင် နှစ်ခုစလုံးတွင် နိုင်ငံခြားရေး၊ ကာကွယ်ရေးနှင့် အပြည်ပြည်ဆိုင်ရာ မူဝါဒရေးရာ ကိစ္စရပ်များ၌ လုပ်သက် ၁၇ နှစ်ကျော် အတွေ့အကြုံရှိသည့် အထက်လွှတ်တော်နှင့် အမျိုးသားလုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။
၎င်း၏ လက်ရှိတာဝန်တွင် နိုင်ငံခြားရေးမူဝါဒ၊ ကာကွယ်ရေး၊ စစ်မှုထမ်းဟောင်းရေးရာ၊ သတင်းအချက်အလက်၊ အပြည်ပြည်ဆိုင်ရာ တရားမဝင် ဘဏ္ဍာရေးနှင့် ပိတ်ဆို့အရေးယူမှု မူဘောင်များ အပါအဝင် အမျိုးသားလုံခြုံရေးဆိုင်ရာ ကဏ္ဍပေါင်းစုံကို အကြံပေးလျက်ရှိသည်။
မစ္စတာ အန်ဒါဆန်သည် အမေရိကန် ကြည်းတပ်တွင် စစ်အင်ဂျင်နီယာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် အာဖဂန်နစ္စတန်နိုင်ငံ ဟဲလ်မန်း (Helmand) ပြည်နယ်သို့ စေလွှတ်ခြင်း ခံခဲ့ရသည်။ ၎င်းသည် ၂၀၁၂ ခုနှစ်အထိ ၃ နှစ်တိုင် စစ်မှုထမ်းခဲ့သည်။
ထို့နောက် ဆီးနိတ်လွှတ်တော်အမတ်များ၊ အစိုးရအဖွဲ့ ဝန်ကြီးများနှင့် နိုင်ငံရေး မဲဆွယ်စည်းရုံးပွဲများအတွက် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးအဖြစ် ကူးပြောင်း လုပ်ကိုင်ခဲ့သည်။ နောက်ပိုင်း ၁၄ နှစ်တာကာလအတွင်း ဆီးနိတ်လွှတ်တော်အမတ် ၃ ဦးနှင့် စစ်မှုထမ်းဟောင်းရေးရာ ဝန်ကြီးဌာန ဝန်ကြီးတို့အား အကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ဝါရှင်တန်ဒီစီ၌ ၎င်း၏ သက်မွေးဝမ်းကျောင်း လုပ်ငန်းကို ဝစ်ကွန်ဆင်ပြည်နယ် ဆီးနိတ်လွှတ်တော်အမတ် ရွန် ဂျွန်ဆင် (Ron Johnson) ၏ ဥပဒေပြုရေးရာ တာဝန်ခံအဖြစ် စတင်ခဲ့ခြင်းဖြစ်သည်။
နိုင်ငံရေး မဲဆွယ်စည်းရုံးပွဲများတွင် ပါဝင်ဆောင်ရွက်ခဲ့ပြီးနောက် လူဝီစီယားနားပြည်နယ် ဆီးနိတ်လွှတ်တော်အမတ် ဘီးလ် ကက်ဆီဒီ (Bill Cassidy) ထံတွင် စစ်ရေးဆိုင်ရာ ဥပဒေပြုရေး အကူအဖြစ် ပူးပေါင်းကာ ကာကွယ်ရေး၊ နိုင်ငံခြားရေးနှင့် စစ်မှုထမ်းဟောင်းရေးရာများကို အကြံပေးခဲ့သည်။ ထို့အပြင် အမေရိကန် အောက်လွှတ်တော်နှင့် အထက်လွှတ်တော်တို့ပါဝင်သည့် ကိစ္စရပ်များအတွက် ဗဟိုချက်အဖြစ် ဆောင်ရွက်သည့် အမေရိကန် စစ်မှုထမ်းဟောင်းရေးရာ ဝန်ကြီးဌာန၊ လွှတ်တော်ဆိုင်ရာရုံး၏ အထူးအကူအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။
အမေရိကန်ပြည်ထောင်စုနှင့် ပြည်သူများအတွက် တာဝန်ထမ်းဆောင်ခဲ့သည့် အန်ဒါဆန်၏ လုပ်ငန်းခွင် မှတ်တမ်း၊ အမျိုးသားလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များတွင် စဉ်ဆက်မပြတ် ပါဝင်ဆောင်ရွက်မှု၊ နိုင်ငံခြားရေးမူဝါဒ၊ ကာကွယ်ရေးနှင့် အပြည်ပြည်ဆိုင်ရာ ရေးရာများတွင် ပြသခဲ့သည့် ပရော်ဖက်ရှင်နယ် ကျွမ်းကျင်မှုများသည် ၎င်းအား ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ရန် လုံလောက်သော အရည်အချင်းများ ရှိစေသည်။
မစ္စတာ အန်ဒါဆန်သည် ဝစ်ကွန်ဆင်ပြည်နယ် ဇာတိဖြစ်ပြီး Wisconsin-La Crosse တက္ကသိုလ်မှ စီးပွားရေးပညာအထူးပြုဖြင့် ဘွဲ့ (BA) နှင့် Pennsylvania State တက္ကသိုလ်မှ ပြည်သူ့စီမံခန့်ခွဲမှုမဟာဘွဲ့ (MPM) တို့ကို ရရှိခဲ့သူဖြစ်သည်။
ယခင် သံအမတ်ကြီး ဖြစ်သူ ဒဗလျူ ပက်ထရစ် မာဖီသည် ၂၀၂၄ ခုနှစ် မေလ ၁၈ ရက်တွင် တာဝန်မှ အနားယူသွားခဲ့ပြီးနောက် ဘရစ်ဂျက် အယ်လ် ဝေါ်ကာ (Bridgette L Walker – ၁၂ ဩဂုတ် ၂၀၂၄ မှ ၁၅ မေ ၂၀၂၆)၊ ဘင်ဂျာမင် ချင်း (Benjamin Chiang – ၁၅ မေ ၂၀၂၆ မှ ၂၂ ဇွန် ၂၀၂၆) နှင့် အလက်ဇ် ဇစ်တယ်လ် (Aleks Zittle – ၂၂ ဇွန် ၂၀၂၆ မှစ၍) တို့က ယာယီသံအမတ်များအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ကြသည်။
Ref : Khmer Times
