သက်တံ့
၁၀. ၈. ၂၀၂၆
ထိုင်းနိုင်ငံ၊ နွန်သာဘူရိခရိုင်အုပ်ချုပ်ရေးအဖွဲ့ (PAO) ရုံးခန်းအတွင်းသို့ သေနတ်သမားတစ်ဦး အတင်းအဓမ္မ ဝင်ရောက်ပစ်ခတ်မှုကြောင့် PAO ဥက္ကဋ္ဌဖြစ်သူ ရဲမှူးကြီး သောင်ချိုင် ယန်ပရာဆတ် (Thongchai Yenprasert) သေဆုံးသွားခဲ့ပြီးနောက် ကျူးလွန်သူ နွန်သာဘူရိလွှတ်တော်အမတ်ဟောင်း မစ္စတာ ချာလောင် ရီအိုရူအန် (Chalong Riewraeng) အား ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်ပြီဖြစ်သည်။
အသက် ၆၇ နှစ်အရွယ် နွန်သာဘူရိခရိုင်၏ ရွေးကောက်တင်မြှောက်ခံ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ (PAO) ဥက္ကဋ္ဌ ရဲမှူးကြီး သောင်ချိုင်၏ နွန်သာဘူရိမြို့နယ်ရှိ ရုံးခန်းအတွင်းသို့ မစ္စတာ ချာလောင်သည် ဩဂုတ်လ ၁၀ ရက် (တနင်္လာနေ့) နံနက် ၁၁ နာရီခန့်တွင် အချိန်ကိုက်ဝင်ရောက်ကာ သေနတ်ဖြင့် အကြိမ်ကြိမ် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
အခင်းဖြစ်ပွားရာနေရာ၌ပင် ရဲမှူးကြီး သောင်ချိုင်အား အရေးပေါ်ကုသမှု (CPR) ပြုလုပ်ပေးခဲ့ပြီးနောက် ဖရာနန်ကလောက် (Phranangklao) ဆေးရုံသို့ အမြန်ဆုံး ပို့ဆောင်ခဲ့သော်လည်း ဆေးရုံသို့ အရောက်တွင် သေဆုံးသွားခဲ့ကြောင်း ကြေညာခဲ့သည်။
ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ မစ္စတာ ချာလောင်သည် ပစ်ခတ်မှုကျူးလွန်ပြီးနောက် Naew Na သတင်းဌာနတွင် တိုက်ရိုက်ထုတ်လွှင့်မှု (Live) ပြုလုပ်နေသည့် သတင်းကြေညာသူ မစ္စ အန်ချလီ ပိုင်းရီးရက် (Anchalee Paireerak) ထံသို့ ဖုန်းဆက်သွယ်ခဲ့ကြောင်း သိရသည်။ ၎င်းက ရဲမှူးကြီး သောင်ချိုင်အား သေနတ်ဖြင့် ၅ ချက်ခန့် ပစ်ခတ်ခဲ့ကြောင်း ဖုန်းထဲတွင် ပြောကြားခဲ့သည်။
ယင်းသို့ ပြောကြားမှုကြောင့် Naew Na သတင်းဌာန ဝန်ထမ်းများက ရတနာသီဘက် (Rattanathibet) ရဲစခန်းသို့ ချက်ချင်း ဖုန်းဆက်အကြောင်းကြားခဲ့ပြီး မစ္စ အန်ချလီကလည်း မစ္စတာ ချာလောင်အား လက်နက်ကို စွန့်လွှတ်ရန်၊ စိတ်အေးအေးထားရန်နှင့် PAO ရုံးတွင်ပင် ရဲတပ်ဖွဲ့ အာဏာပိုင်များကို စောင့်ဆိုင်းနေရန် ဖုန်းထဲမှတစ်ဆင့် ဖျောင်းဖျပြောဆိုခဲ့သည်။

မစ္စတာ ချာလောင်က ၎င်းထံမှ ရဲမှူးကြီး သောင်ချိုင် ရယူထားသော ဘတ် ၁၁ သန်း (ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၃ သိန်းကျော်) အား ပြန်လည်ပေးဆပ်ရန် ငြင်းဆန်ခဲ့သောကြောင့် ယခုကဲ့သို့ နွန်သာဘူရိ PAO ဥက္ကဋ္ဌအား ပစ်ခတ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်းလည်း မစ္စ အန်ချလီထံ ထုတ်ဖော်ပြောကြားခဲ့သည်။
မစ္စတာ ချာလောင်သည် နွန်သာဘူရိခရိုင်တွင် လူသိများသော နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး ယခင်က Thai Citizen ပါတီနှင့် ဖြူထိုင်း (Pheu Thai) ပါတီတို့မှ လွှတ်တော်အမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်သည်။ ၎င်းသည် ၂၀၂၃ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ဘူမ်ဂျိုင်းထိုင်း (Bhumjaithai) ပါတီ ကိုယ်စားပြုအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့သည်။
လက်ရှိတွင် အခင်းဖြစ်ပွားရာနေရာ၌ ရဲအရာရှိများက သက်သေအထောက်အထားများ စုဆောင်းစစ်ဆေးလျက်ရှိပြီး မစ္စတာ ချာလောင်အား ဖမ်းဆီး၍ ရတနာသီဘက် ရဲစခန်းသို့ ခေါ်ဆောင်ကာ ဥပဒေအတိုင်း အရေးယူနိုင်ရန် စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်လျက်ရှိသည်။
Ref : Khaosod & Bangkok Post
