၁၀. ၈. ၂၀၂၆
Translated by Htwe Ko Tun
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ရာဟုက အမေရိကန်သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်ရဲ့ ဂါဇာကမ်းမြောင်အတွက် အချက် ၁၅ ချက်ပါ ငြိမ်းချမ်းရေးအစီအစဉ်ကို ပယ်ချခဲ့ပြီး အစ္စရေးတပ်ဖွဲ့တွေအနေနဲ့ ဟားမားစ်တို့ အမှန်တကယ် လက်နက်ဖြုတ်သိမ်းသည်အထိ ဂါဇာကနေ ဆုတ်ခွာမှာ မဟုတ်ဘူးဆိုတာကို ဩဂုတ်လ ၉ ရက်က ပြောကြားခဲ့ပါတယ်။
နေတန်ရာဟုက “ကျွန်တော်တို့က စိတ်ကူးယဉ် လက်နက်ဖြုတ်သိမ်းမှုမဟုတ်ဘဲ အမှန်တကယ် လက်နက်ဖြုတ်သိမ်းမှုအတွက် ပြောနေတာပါ” လို့ အစိုးရဝန်ကြီးတွေနဲ့ တွေ့ဆုံချိန်မှာ ပြောခဲ့တာပါ။
အမေရိကန်သမ္မတ ထရမ့်ပ်က သူ့ရဲ့ ငြိမ်းချမ်းရေးဘုတ်အဖွဲ့ဟာ ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ ဟားမားစ်နဲ့ လက်နက်တွေကို လုံးဝစွန့်လွှတ်ဖို့ သဘောတူညီချက်တစ်ရပ် ရရှိခဲ့တယ်လို့ ကြေညာအပြီး တစ်ပတ်ကျော်အကြာမှာ နေတန်ရာဟုရဲ့ ခုလိုမှတ်ချက်တွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ထရမ့်ပ်က “ဒီနေ့မှာ ငြိမ်းချမ်းရေးဘုတ်အဖွဲ့ဟာ ဟားမားစ်နဲ့ ဂါဇာမှာရှိတဲ့ အခြားလက်နက်ကိုင်အဖွဲ့တွေ အားလုံးကို လုံးဝလက်နက်ဖြုတ်သိမ်းဖို့ သမိုင်းဝင် သဘောတူညီချက်တစ်ရပ် ရရှိခဲ့ပါတယ်။ ဒါဟာ ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် ကြီးမားတဲ့ ခြေလှမ်းတစ်ခုဖြစ်ပါတယ်” လို့ ဇူလိုင်လနှောင်းပိုင်းက လူမှုမီဒီယာမှာ ရေးသားခဲ့ပါတယ်။
ထရမ့်ပ် အဆိုပြုထားတဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်အရ ဟားမားစ်နဲ့ အခြားစစ်သွေးကြွအဖွဲ့တွေက သူတို့ရဲ့လက်နက်တွေကို စိစစ်အတည်ပြုထားတဲ့ နိုင်ငံတကာရဲတပ်ဖွဲ့တစ်ခုဆီ လွှဲပြောင်းပေးမယ်လို့ ငြိမ်းချမ်းရေးဘုတ်အဖွဲ့ တာဝန်ရှိသူတွေက ပြောကြားခဲ့တာပါ။
ဂါဇာမှာ အစ္စရေးထိန်းချုပ်ထားတဲ့နယ်မြေနဲ့ ဟားမားစ်တို့ ထိန်းချုပ်ထားတဲ့နယ်မြေ ပိုင်းခြားထားတဲ့ အဝါရောင်မျဉ်းထက် ကျော်လွန်ပြီး အစ္စရေးတပ်ဖွဲ့တွေ ဆုတ်ပေးမှုကို ဟားမားစ်ဘက်က လက်နက်တွေ လုံးဝမဖျက်သိမ်းသမျှ အစ္စရေးက ပြုလုပ်မှာမဟုတ်ဘူးလို့ ဩဂုတ်လ ၃ ရက်ကတည်းက ပြောခဲ့တာ ဖြစ်ပါတယ်။ အောက်တိုဘာ ၂၇ ရက် အစ္စရေးရွေးကောက်ပွဲမတိုင်မီ သုံးလနီးပါးအလိုမှာ နေတန်ရာဟုကလည်း သူ့ရဲ့တောင်းဆိုချက်ကို ထပ်မံအလေးထားဖို့ ဆုံးဖြတ်ချက်ချခဲ့တာပါ။ စစ်တမ်းတွေအရတော့ သူ့ရဲ့ညွန့်ပေါင်းအစိုးရဟာ အများစုနေရာ ဆုံးရှုံးနိုင်ခြေရှိတယ်လို့ ပြသနေပါတယ်။
ပါလက်စတိုင်းအရာရှိတွေနဲ့ အကူအညီပေးရေးအေဂျင်စီတွေကတော့ အစ္စရေးဟာ ဂါဇာရဲ့ ၇၀ ရာခိုင်နှုန်းခန့်ကို ထိန်းချုပ်ထားဆဲဖြစ်လို့ ငြိမ်းချမ်းရေးအတွက် သိသာတဲ့ တိုးတက်မှုမရဘဲ ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေ ဖြစ်ပေါ်နေရတာလို့ ဆိုကြပါတယ်။
ဟားမားစ်ကတော့ သဘောတူညီချက်မှာ သဘောတူထားတဲ့ လမ်းပြမြေပုံကို ဆက်လက်ဆောင်ရွက်ဖို့ ကတိကဝတ်ပြုထားတယ်လို့ ဩဂုတ်လ ၈ ရက်က သတင်းကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
Ref: NPC
