၁၀ .၈. ၂၀၂၆
Written by Thiri
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကလောချောင်းရေ မြင့်တက်လာပြီး ရပ်ကွက်(၁) နဲ့ ရပ်ကွက် (၄) ပလောင်ဈေးတန်းအတွင်းကို ရေ စတင်ဝင်ရောက်နေပြီ ဖြစ်တာကြောင့် အနီးဝန်းကျင် ရပ်ကွက်တွေအတွင်း ရေကြီးရေလျှံမှု ထပ်မံဖြစ်ပွားမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
“ရပ်ကွက် (၄) ပလောင်စျေးတန်းထဲ ရေဝင်နေပြီ။ ရပ်ကွက်(၂) နဲ့ (၃) လည်း ချောင်းရိုးတစ်လျှောက်မို့ ရေများပါတယ်” လို့ ကလောမြို့ခံတစ်ဦးက MT News ကို ပြောပါတယ်။

လက်ရှိအချိန် မိုးဆက်လက် ရွာသွန်းမယ်ဆို ချောင်းရေတွေ ပိုမိုပြည့်လျှံလာနိုင်တာမို့ ချောင်းဘေးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေအဖို့ ရေကြီးမှု အခြေအနေကို စောင့်ကြည့်ကာ ကြိုတင်ပြင်ဆင်ထားဖို့ကိုလည်း မြို့မိမြို့ဖတွေက သတိပေးဆော်ဩလျက်ရှိပါတယ်။ ကလောချောင်းရေကြီးမှုကြောင့် အမှတ် (၄)ရပ်ကွက်ရှိ လူနေအိမ်များအတွင်း ရေဝင်ရောက်မှုဖြစ်ပွားတဲ့ သတင်းအရ ကလောမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးစက်လှေ (၁) စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ သွားရောက်ကူညီဆောင်ရွက်လျက်ရှိကြောင်းလည်း သိရပါတယ်။
၂၀၂၄ ခုနှစ် စက်တင်ဘာလလယ်ကလည်း ရာဂီ (Yagi) တိုင်ဖွန်းမုန်တိုင်းအရှိန်ကြောင့် ကလောမြို့နဲ့ အနီးဝန်းကျင်မှာ စံချိန်တင် မိုးသည်းထန်စွာရွာသွန်းကာ ပြင်းထန်တဲ့ လျှပ်တစ်ပြက် ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေဖြစ်ပွားခဲ့ပါတယ်။

ထိုစဉ်က ကလောချောင်းဘေးရှိ ရပ်ကွက် (၁)၊ (၂)၊ (၃)၊ (၄)၊ (၅) စတဲ့ မြို့တစ်မြို့လုံးနီးပါး ရေမြုပ်ခဲ့ပြီး အချို့နေရာတွေမှာ ရေအနက် ဆယ်ပေကျော်အထိ မြင့်တက်ခဲ့ကာ မီးရထားဘူတာနဲ့ ချောင်းဘေးရပ်ကွက်တွေမှာ တောင်ကျရွှံ့နွံတွေ ဖုံးလွှမ်းခဲ့လို့ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုနဲ့ လူသေဆုံးမှုတွေလည်း ဖြစ်ပွားခဲ့ဖူးပါတယ်။
