သက်တံ့
၁၀. ၈. ၂၀၂၆
ထိုင်းနိုင်ငံမှာနေထိုင်ပြီး ကရင်လူငယ် ဆယ်လီတစ်ဦးဖြစ်တဲ့ စောလေး (Saw Lay-ငပိထောင်း) ဟာ ဒီနေ့ ဩဂုတ်လ ၁၀ ရက်နေ့ နံနက်ပိုင်းအချိန်က မိမိကိုယ်ကိုယ် ကြိုးဆွဲချ (ဆွဲကြိုးချ) သတ်သေသွားတယ်လို့ သိရပါတယ်။
ကွယ်လွန်ချိန်မှာ အသက် (၂၄) နှစ်သာရှိသေးတဲ့ ကရင်ဆယ်လီ စောလေးဟာ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ဖုတ်ဖရ ရှိ မိတ်ဆွေတစ်ဦးရဲ့နေအိမ် အိမ်သာထဲ ကြိုးဆွဲချသေဆုံးသွားခဲ့တာဖြစ်ပါတယ်။

“ဝဋ်ကြောင့်ဖြစ်စေ လက်ရှိ ကိုယ့်ရဲ့ လုပ်ရပ်တွေကြောင့်ဖြစ်စေ စိတ်ရောကိုယ်ပါ နာကျင်ရခြင်းတွေမှ လွတ်မြောက်ပါစေ..။🤍🙏”လို့ စောလေးက လွန်ခဲ့တဲ့ ငါးရက်မှာ နောက်ဆုံးပို့စ်တင်ခဲ့ပြီး ဒီနေ့မှာတော့ ကြိုးဆွဲချ သတ်သေသွားခဲ့တာပါ။
စောလေးဟာ ဟာသ ဗီဒီယိုအတိုတွေ ရိုက်ကူးထုတ်လွှင့်သူ ကျော်လော်အဲ့နဲ့ တွဲဖက်သရုပ်ဆောင်ရာက လူသိများလာတာဖြစ်သလို သီချင်းလည်း ဆိုတဲ့အပြင် သူ ထုတ်လုပ်တဲ့ Saw Lay (ငပိထောင်း) နဲ့လည်း လူသိများသူဖြစ်ပါတယ်။

ငယ်စဉ်ကတည်းက ဖခင်နဲ့ ကွဲကွာနေထိုင်ရပြီး မိခင်ဖြစ်သူနဲ့ ကြီးပြင်းလာခဲ့တဲ့ ဆယ်လီစောလေးဟာ ကိုယ်တိုင်ကြိုးစားရပ်တည်မှုနဲ့ ထိုင်းနိုင်ငံမှာ ကိုယ်ပိုင်အိမ်ခြံမြေပိုင်ဆိုင်ထားသလို ကရင်အသိုင်းအဝိုင်းမှာ လူသိများအောင်မြင်လာတဲ့ ကရင်ဆယ်လီလူငယ်စီးပွားရေးသမားတစ်ဦးလည်း ဖြစ်ပါတယ်။
စောလေး အဆုံးစီရင်မှုနဲ့ ပတ်သက်ပြီး လက်ရှိမှာတော့ ထိုင်းနိုင်ငံအာဏာပိုင်တွေက ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်မဟုတ် ဆက်လက် စစ်ဆေးအတည်ပြုဖို့ အလောင်းကို ဆေးရုံဆီ သယ်ဆောင်သွားပြီလို့လည်း သိရပါတယ်။
