သက်တံ့
၁၀. ၈. ၂၀၂၆
အင်ဒိုနီးရှား အာဏာပိုင်များသည် နိုင်ငံခြားအလံ စိုက်ထူထားသည့် သင်္ဘောတစ်စီးပေါ်မှ အမေရိကန်ဒေါ်လာ သန်းနှင့်ချီ တန်ဖိုးရှိ ကက်တမင်း (Ketamine) မူးယစ်ဆေး ၁ ဒသမ ၃ တန်ကို သိမ်းဆည်းရမိခဲ့ကြောင်း အမျိုးသား မူးယစ်ဆေးဝါး ပိတ်ဆို့တားဆီးရေးအဖွဲ့ အကြီးအကဲက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။
ယင်းသည် အင်ဒိုနီးရှားနိုင်ငံ၏ အကြီးမားဆုံး မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုများထဲမှ တစ်ခုဖြစ်သည်။
MV King Sun အမည်ရှိ သင်္ဘောသည် ထိုင်းနိုင်ငံမှ အင်ဒိုနီးရှားဘက်သို့ မသင်္ကာဖွယ်ရာ ကုန်ပစ္စည်းများ တင်ဆောင်ကာ အရှေ့ဘက်သို့ ဦးတည်ခုတ်မောင်းနေကြောင်း ဖေဖော်ဝါရီလအတွင်းက သတင်းအချက်အလက် ရရှိခဲ့သဖြင့် လပေါင်းများစွာ စောင့်ကြည့် လေ့လာခဲ့ရခြင်းဖြစ်ကြောင်း အမျိုးသား မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအေဂျင်စီ (BNN) အကြီးအကဲ စူယူဒီ အာရီယို စီတို (Suyudi Ario Seto) က ပြောကြားသည်။
အဆိုပါ သင်္ဘောသည် အင်ဒိုနီးရှား ပိုင်နက်ရေပြင်အတွင်းသို့ ဝင်ရောက်လာချိန် ကြာသပတေးနေ့တွင် ရေတပ်စစ်သင်္ဘောတစ်စီးက တားဆီး စစ်ဆေးခဲ့ခြင်းဖြစ်သည်။

“ဩဂုတ်လ ၇ ရက်နေ့မှာ ပူးပေါင်းအဖွဲ့ဟာ သင်္ဘောအတွင်း ဝှက်ထားတဲ့ ဆာလာအိတ် ၆၅ အိတ်ကို တွေ့ရှိခဲ့ပါတယ်။ ဓာတ်ခွဲစမ်းသပ်ပြီးနောက် အဲဒီပစ္စည်းတွေဟာ ကက်တမင်း (Ketamine) မူးယစ်ဆေးတွေ ဖြစ်မှန်း သိရှိခဲ့ရပါတယ်” ဟု စူယူဒီက အင်ဒိုနီးရှားနိုင်ငံ ဘာတမ် (Batam) ကျွန်း၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တနင်္ဂနွေနေ့က ပြောကြားခဲ့သည်။
ခန့်မှန်းခြေ ၁ ဒသမ ၃ တန်လေးသည့် ယင်းမူးယစ်ဆေးများ၏ တန်ဖိုးမှာ အင်ဒိုနီးရှား ရူပီးယား ၂ ဒသမ ၀၇ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၁၆ ဒသမ ၂ သန်းခန့်) ရှိကြောင်း ၎င်းက ဆိုသည်။ ထို့ပြင် အခြားမူးယစ်ဆေးများ ကျန်ရှိနေသေးခြင်း ရှိမရှိ အာဏာပိုင်များက သင်္ဘောပေါ်တွင် ဆက်လက် ရှာဖွေလျက်ရှိသည်။
ကက်တမင်းသည် အဓိကအားဖြင့် အာနိသင်လျင်မြန်သော မေ့ဆေးအဖြစ် သုံးစွဲကြသော်လည်း ပါတီပွဲများတွင် တရားမဝင် မူးယစ်ဆေးအဖြစ် ကျယ်ကျယ်ပြန့်ပြန့် လွဲမှားစွာ သုံးစွဲနေကြခြင်းဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံတွင် ယင်းဆေးဝါး ဖြန့်ဖြူးမှုကို တင်းကျပ်စွာ ထိန်းချုပ် စောင့်ကြည့်ထားသည်။
အဆိုပါ MV King Sun သင်္ဘောသည် တန်ဇန်းနီးယား (Tanzanian) အလံ စိုက်ထူထားပြီး စင်ကာပူနိုင်ငံ အနီးရှိ ရီယောင်းကျွန်းစု (Riau Islands) ပြည်နယ် ရေပြင်၌ တားဆီးခံခဲ့ရခြင်းဖြစ်ကြောင်း အစိုးရ သတင်းအေဂျင်စီ အန်တာရာ (Antara) က ဖော်ပြခဲ့သည်။
သင်္ဘောပေါ်ပါလာသည့် သင်္ဘောသား ၈ ဦးအနက် ၇ ဦးမှာ မြန်မာနိုင်ငံသားများဖြစ်ပြီး ၁ ဦးမှာ ထိုင်ဝမ်နိုင်ငံသားဖြစ်ကြောင်း မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအေဂျင်စီက ထုတ်ပြန်ထားသည်။

“ကုန်ပစ္စည်းတွေ ဘယ်ကထွက်လာလဲ၊ ဘယ်ဆိပ်ကမ်းကို သွားမှာလဲ၊ ပေးပို့သူနဲ့ လက်ခံသူက ဘယ်သူတွေလဲဆိုတာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဆက်လက် စုံစမ်းစစ်ဆေးနေပါတယ်” ဟု စူယူဒီက ပြောသည်။
အင်ဒိုနီးရှား အာဏာပိုင်များသည် ပြီးခဲ့သည့်လကလည်း ထိုင်းနိုင်ငံမှ ခိုးသွင်းရန် ကြိုးပမ်းသည့် ဆေးခြောက် ၃ ဒသမ ၃၇ တန်ကို ဖမ်းဆီးရမိခဲ့ပြီး သံသယရှိသူ ၁၂ ဦးကို ဖမ်းဆီးခဲ့သည်။
၂၀၂၁ ခုနှစ်ကလည်း အာဖဂန်နစ္စတန်မှ နိုင်ငံအတွင်းသို့ ICE (မက်သ်အဖက်တမင်း) ၂ ဒသမ ၅ တန် ခိုးထုတ်သည့် မှောင်ခိုဂိုဏ်းတစ်ခုကို အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ဖြိုခွဲခဲ့ပြီး သံသယရှိသူ ၁၇ ဦးကို ဖမ်းဆီးခဲ့ဖူးသည်။
အင်ဒိုနီးရှားနိုင်ငံသည် မူးယစ်ဆေးဝါး မှောင်ခိုကူးသူများကို သေဒဏ်ပေးခြင်း အပါအဝင် ကမ္ဘာပေါ်တွင် အတင်းကျပ်ဆုံး မူးယစ်ဆေးဝါးဥပဒေများ ရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်သော်လည်း သေဒဏ်ပေးမှုများကိုမူ လွန်ခဲ့သော နှစ်အတော်ကြာကတည်းက ဆိုင်းငံ့ထားခဲ့သည်။
Ref : The Japan Times
