သက်တံ့
၁၀. ၈. ၂၀၂၆
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲထံ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် စင်ကာပူနိုင်ငံအခြေစိုက် CFG Energy Pte. Ltd မှ ယခု ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းတွင်တူးဖော်မည့် ကမ်းလွန်လုပ်ကွက်အမှတ် (M-15) စူးစမ်းရှာဖွေရေးတွင်း တူးဖော်ခြင်းလုပ်ငန်းများအတွက် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း (EIA) လုပ်ငန်းများနှင့်စပ်လျဉ်း၍ လာရောက်တွေ့ဆုံရှင်းလင်းတင်ပြသည့် အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့ရှိ တိုင်းဒေသကြီးအစိုးရအဖွဲရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက ယခု ထုတ်ပြန်သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဇော်နိုင်ဦးက နိုင်ငံတော်၏ စီးပွားဖွံဖြိုးတိုးတက်ရေးအတွက် စွမ်းအင်သည် အရေးကြီးသောကဏ္ဍတစ်ရပ်ဖြစ်ကြောင်း၊ စွမ်းအင်လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေတူးဖော်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေဖော်ထုတ်ခြင်းသည် စွမ်းအင်ကဏ္ဍကို မြှင့်တင်ပေးရုံသာမက နိုင်ငံဝင်ငွေ တိုးတက်ရရှိရေး၊ စက်မှုကဏ္ဍနှင့်လူမှုစီးပွားကဏ္ဍများပါ ဖွံဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

တနင်္သာရီတိုင်းဒေသကြီး၏ရေပိုင်နက်အတွင်း ဆောင်ရွက်မည့် ကမ်းလွန်လုပ်ကွက် အမှတ် M-15 စီမံကိန်းသည် မုတ္တမကမ်းလွန်ဒေသ၏ တောင်ဘက်ပိုင်း မြိတ်မြို၏ အနောက်ဘက် မိုင် ၁၂၀ ခန့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြစ်၏ ကမ်းလွန်ပင်လယ်ပြင်တွင်တည်ရှိကာ ရဲတံခွန်စီမံကိန်းလုပ်ကွက်ဖြစ်သည့် M-12, M-13, M-14 နှင့် ချိတ်ဆက်လျက်ရှိကြောင်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကိန်းဝပ်နိုင်သော နေရာများတွင် စူးစမ်းတူးဖော်ပြီး သဘာဝဓာတ်ငွေ့တည်ရှိမှုအခြေများကို အသေးစိတ်စစ်ဆေးခဲ့သည်ကို တွေ့ရှိရကြောင်း၊ ၂၀၂၆ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် ကမ်းလွန်လုပ်ကွက်အမှတ် (M-15) စူးစမ်းရှာဖွေရေးတွင်း တူးဖော်ခြင်းလုပ်ငန်းများလည်း တူးဖော်ရန်စီစဉ်ထားရှိသည့်ကို တွေ့ရှိရကြောင်း၊ လိုအပ်သည်များကို တိုင်းဒေသကြီးအစိုးရအဖွဲအနေဖြင့် ညှိနှိင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ (M-15)တွင် သဘာဝဓာတ်ငွေ့ခိုအောင်း တည်ရှိနေပါက ဂုဏ်ယူဝမ်းမြောက်စရာဖြစ်ကြောင်း၊ နိုင်ငံတော်ဖွံဖြိုးတိုးတက်ရေးနှင့် ပြည်သူများအတွက်ပါအကျိုးပြု မှုများစွာ ဖြစ်ထွန်းမည့်အရေးကြီးသောအခန်းကဏ္ဍတွင် ပါဝင်သောကြောင့်တိုင်းဒေသကြီးအစိုးရအဖွဲအနေဖြင့် နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားမထိခိုက်စေရန်နှင့် တိုးတက်ဖြစ်ထွန်းစေရန်ရှေးရှုပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ကုမ္ပဏီများအနေဖြင့် လုပ်ငန်းများအောင်မြင်အောင် ကြိုးစားဆောင်ရွက်ပေးရန်လိုအပ်ကာ တိုင်းဒေသကြီးအစိုးရအဖွဲအနေဖြင့် လည်း ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းပြောကြားသည်။
ထိုနောက်မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှအထွေထွေမန်နေဂျာ(ကမ်းလွန်) ဦးရဲနိုင်က တွေ့ဆုံဆွေးနွေးပွဲ ကျင်းပရခြင်းရည်ရွယ်ချက်နှင့် စီမံကိန်းဆိုင်ရာအကြောင်းအရာများအား ရှင်းလင်းတင်ပြပြီး CFG Energy Pte. Ltd Chairman Mr. Songning Shen က စီမံကိန်းအကြောင်းအရာများအား ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ကုမ္ပဏီများမှ တာဝန်ရှိသူများ က (M-15) ကမ်းလွန်လုပ်ကွက်ရေနံနှင့်သဘာဝတူးဖော်ရေး အစီအစဉ်များ ၊ စီမံကိန်းဆိုင်ရာပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းများ၊ ဒေသခံများနှင့်ဆက်ဆံရေး၊ စည်းရုံးရေးဆောင်ရွက်ထားရှိမှုများ၊ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအားရှင်းလင်းတင်ပြကြပြီး တက်ရောက်လာကြသူများက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ညှိနှိင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
Ref & Photo MOI
