နေမိုး
၁၀. ၈. ၂၀၂၆
၂၀၂၁ ဖေဖော်ဝါရီလက စတင်ခဲ့သော နိုင်ငံရေးအငြင်းပွားမှုပြဿနာအပေါ် သွေးကြွေးမှာ ဆွေးနွေးစရာမရှိဟု ကြွေးကြော်ကာ ပြည်သူများကို ငါးနှစ်ကျော်ကြာ သေတွင်းပို့ခဲ့ပြီးနောက် ယခုနှစ် ဇူလိုင် ၂၀ ရက်တွင်မှ NLD ဗဟိုအလုပ်ကော်မတီက နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းများဖြင့်သာ ဖြေရှင်းရမည်ဟု ယုံကြည်ထားကြောင်း ထုတ်ပြန်ခဲ့သလို ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဥက္ကဋ္ဌနှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ၏ စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီး အင်ဘန်လကလည်း အားကျမခံ ယနေ့ကျရောက်သော ကချင်အာဇာနည်နေ့ သဝဏ်လွှာတွင် မြန်မာ့နိုင်ငံရေးအကျပ်အတည်းများကို စစ်ရေးအရ ဖိနှိပ်ဖြေရှင်းမည့်အစား စစ်မှန်သော နိုင်ငံရေးနည်းလမ်းဖြင့်သာ အဖြေရှာရမည်ဖြစ်ကြောင်း အလေးအနက် တိုက်တွန်းပြောကြားလိုက်သည်။
နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့်သာ ဖြေရှင်းရန် ဆိုသည့် စကားစုသည် တပ်မတော်က ငြိမ်းချမ်းရေးအတွက် ထာဝစဥ်ဖိတ်ခေါ်ထားသည့် စကားစုဖြစ်ပြီး ထိုစကားစုအပေါ် လွန်ခဲ့သည့်ငါးနှစ်က လက်မခံဘဲ လက်နက်ကိုင်ကာ တိုက်ခိုက်ပြီး ပြည်သူသိန်းချီ သတ်ဖြတ်ပြီးချိန် ယခုမှသာ NLD နှင့် KIO/KIA တို့က လက်ခံလာခြင်းဖြစ်သည်။
ထိုသို့ တပ်မတော်၏ ငြိမ်းချမ်းရေးစကားစုကို ယူသုံးသည့်အပြင် အင်ဘန်လက တပ်မတော်သည် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် မှန်မှန်ကန်ကန် ဖြေရှင်းရန် ပျက်ကွက်ခဲ့သည်ဟုလည်း တန်ပြန်စွပ်စွဲခဲ့သည်။
အဆိုပါ သဝဏ်လွှာတွင်ပင် အင်ဘန်လက ကချင်ဒေသအတွင်း စစ်ပွဲကြောင့် ကျန်းမာရေးအဆင့်အတန်း လျော့နည်းကျဆင်းမှု၊ မူးယစ်ဆေးဝါးကြောင့် ပြည်သူများ ဒုက္ခရောက်ရမှု၊ ယုံကြည်ကိုးကွယ်မှုနှင့် ရိုးရာယဉ်ကျေးမှု ထုံးတမ်းစဉ်လာများ ယိမ်းယိုင်လာမှုတို့ကြောင့် ကချင်အမျိုးသားများ တစ်နေ့ထက်တစ်နေ့ လူဦးရေ လျော့နည်းကျဆင်းလာရခြင်းသည် လွန်စွာ စိုးရိမ်ဖွယ်ရာ ကိစ္စတစ်ခု ဖြစ်ကြောင်းလည်း အင်ဘန်လက ထိတ်လန့်စွာပြောသည်။
ထိုသို့ ပြည်သူသိန်းချီသန်းချီ ဘဝပျက်သေဆုံးအောင် ငါးနှစ်ကျော် စစ်ပွဲများ ဆင်နွှဲခဲ့ပြီးနောက် ယခုမှသာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့်သာ ဖြေရှင်းရန် အင်ဘန်လပြောသည့်အပေါ် လူမှုကွန်ရက်ပေါ်တွင် ဝိုင်းဝန်းဆဲဆိုနေသည်ကိုလည်း MT News က တွေ့ရှိရသည်။
