သက်တံ့
၁၀. ၈. ၂၀၂၆
အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာတောင်ပိုင်းရှိ ပုဂ္ဂလိက ကျောင်းတစ်ကျောင်းအတွင်းမှ လက်နက် ၁,၀၀၀ နီးပါးကို သိမ်းဆည်းရမိခဲ့ပြီးနောက် ကျောင်းသားများ၏ လုံခြုံရေးကို ပိုမိုစောင့်ရှောက်ပေးကြရန် အင်ဒိုနီးရှား ဝန်ကြီးတစ်ဦးက တောင်းဆိုလိုက်သည်။
ဟာရာပန် အီဘူ အစ္စလာမ်မစ် ကျောင်းများ ဖောင်ဒေးရှင်း (Harapan Ibu Islamic School Foundation) က စီမံခန့်ခွဲသည့် ကျောင်းတစ်ကျောင်းမှ လေဖိအားသုံးသေနတ် (Airsoft Gun) ၉၉၅ လက်နှင့် အစစ်အမှန် သေနတ် ၁ လက်တို့ကို သောကြာနေ့က ရဲတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့ကြောင်း အန်တာရာ (Antara) သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
ယင်းဖောင်ဒေးရှင်း၏ ဥက္ကဋ္ဌဟောင်းဖြစ်သူ (အတိုကောက် IWD ဟုသာ ဖော်ပြထားသူ) အား စစ်ဆေးမေးမြန်းရန် ဆင့်ခေါ်ထားသည်။ IWD သည် ဖောင်ဒေးရှင်း ရန်ပုံငွေများကို အလွဲသုံးစားပြုလုပ်ခဲ့သည်ဟူသော စွပ်စွဲချက်များကြောင့် ရာထူးမှ ထုတ်ပယ်ခံထားရသူဖြစ်ကြောင်း Jakarta Globe သတင်းတွင် ဖော်ပြထားသည်။
မူးယစ်ဆေးဟု သံသယရှိသော ပစ္စည်းများ၊ ညစ်ညမ်း ဗီဒီယိုခွေ ၂၅ ခွေနှင့်အတူ လက်နက်များအားလုံးကို ကျောင်း၏ စီမံခန့်ခွဲမှုအဖွဲ့သစ်က ရှင်းလင်းရေး ပြုလုပ်စဉ် IWD အသုံးပြုခဲ့သော အခန်းအတွင်းမှ တွေ့ရှိခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့ အခန်းကို ဖွင့်လိုက်တဲ့အခါ ဒီလက်နက်တွေကို တွေ့ခဲ့တာပါ” ဟု ဖောင်ဒေးရှင်း အဖွဲ့ဝင် အွန်တန်း ဆန်းဂါဂျီ (Untung Sangaji) က ပြောကြားခဲ့သလို အဆိုပါ လေဖိအားသုံး သေနတ်များသည် စစ်သုံးသေနတ်များကဲ့သို့ ပြောင်းရစ်နှင့် တွန်းကန်ထွက်သည့် ထိရောက်မှုမြင့်မားသော ထိပ်ချွန်ကျည်ဆန်များ မဟုတ်ဘဲ သာမန် ထိပ်လုံး (သို့မဟုတ်) အဝိုင်းတုံး ကျည်ဆန်များကို သုံးစွဲထားသော်လည်း လူကို သေစေနိုင်သည့်အတွက် လက်နက်အဖြစ် သတ်မှတ်ရခြင်းဖြစ်သည်ဟု သိရသည်။
“ဒီပစ္စည်းတွေကို ကျောင်းဝင်းအတွင်းမှာ ဘာကြောင့် သိမ်းဆည်းထားရလဲဆိုတာ ကျွန်တော်တို့ လုံးဝ မသိပါဘူး” ဟု ၎င်းက ဆိုသည်။
ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဘူဒီ ဟားမန်တို (Budi Hermanto) က သိမ်းဆည်းရမိသည့် အစစ်အမှန် သေနတ်မှာ လွန်ခဲ့သော နှစ်အတော်ကြာက သေဆုံးသွားခဲ့သူတစ်ဦး ပိုင်ဆိုင်သည့် Franchi SPAS-15 အမျိုးအစား အနီးကပ်တိုက်ခိုက်ရေး သေနတ် (Shotgun) ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ကျန်တဲ့ ၉၉၅ လက်ကတော့ ၄ ဒသမ ၅ မီလီမီတာ အဲရိုင်ဖယ် ၄ လက်၊ ၄ ဒသမ ၅ မီလီမီတာ အဲပစ္စတို ၂၁၅ လက်နဲ့ ၄ ဒသမ ၅ မီလီမီတာ အဲရီဗော်ဗာ ရိုင်ဖယ် ၇၇၆ လက်တို့ ပါဝင်တယ်လို့ ယူဆရပါတယ်” ဟု ၎င်းက ဆိုသည်။
အင်ဒိုနီးရှား သေနတ်ပစ်အသင်းနှင့် ဆက်နွှယ်နေသည့် ကုမ္ပဏီတစ်ခုက အဆိုပါ လက်နက်များသည် ၎င်းတို့ ပိုင်ဆိုင်ကြောင်း သောကြာနေ့တွင် စတင်ပြောဆိုခဲ့ပြီး ယင်းတို့မှာ “ရိုးရိုးသေနတ်များ မဟုတ်ဘဲ အားကစားနှင့် ကျောင်းပြင်ပ လှုပ်ရှားမှုများတွင် အဓိက အသုံးပြုသည့် လေဖိအားသုံး သေနတ်များသာ ဖြစ်သည်” ဟု ဆိုခဲ့သည်။
သို့သော်လည်း အဆိုပါကျောင်းတွင် “ကျောင်းပြင်ပ သေနတ်ပစ် လှုပ်ရှားမှု သင်တန်း လုံးဝမရှိဖူးပါ” ဟု ဖောင်ဒေးရှင်း ရှေ့နေ ဟာမာဝန်တို (Hermawanto) က ပြောကြားခဲ့ရာ အဆိုပါ လက်နက်များသည် လိုင်စင်ရ ပစ္စည်းများဖြစ်ပြီး ကျောင်းလှုပ်ရှားမှုများအတွက် ရည်ရွယ်ခြင်းဖြစ်သည်ဟု ပြောဆိုထားသည့် IWD ၏ ရှေ့နေ အယ်လ်ဟာဒစ် အန်ဒါ ပူထရာ (Alhadid Endar Putra) ၏ ပြောကြားချက်နှင့် တိုက်ရိုက် ဆန့်ကျင်နေသည်။
လွှတ်တော်အမတ် အာဒန်း ဒါရတ်ဂျာတွန်း (Adang Daradjatun) က ရဲတပ်ဖွဲ့အနေဖြင့် ပွင့်လင်းမြင်သာပြီး ဘက်လိုက်မှုမရှိသော စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် စနေနေ့က တောင်းဆိုခဲ့သည်။
“ဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်တွေကို အများပြည်သူရဲ့ ထင်မြင်ယူဆချက်တွေ ဒါမှမဟုတ် သက်ဆိုင်သူတွေကြားက ပဋိပက္ခတွေက လွှမ်းမိုးမှု မရှိစေရပါဘူး။ စုံစမ်းစစ်ဆေးသူတွေဟာ အချက်အလက်နဲ့ သက်သေအထောက်အထားတွေကို အခြေခံပြီး လုပ်ဆောင်ရမှာဖြစ်လို့ ရလဒ်ဟာ တရားဥပဒေအရ အာမခံချက်နဲ့ အဖွဲ့အစည်းအားလုံးအတွက် တရားမျှတမှုကို ပေးစွမ်းနိုင်မှာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။
အမျိုးသမီးများ စွမ်းဆောင်ရည် မြှင့်တင်ရေးနှင့် ကလေးသူငယ် စောင့်ရှောက်ရေး ဝန်ကြီး အာရီဖာ ဖောင်ဇီ (Arifah Fauzi) က ယခုတွေ့ရှိမှုကြောင့် ကျောင်းသားများ၏ ပညာရေးကို ထိခိုက်မှု မရှိစေသင့်ကြောင်း တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။
“ကလေးတွေဟာ သူတို့ တာဝန်မဟုတ်တဲ့ ကိစ္စတစ်ခုရဲ့ ဝန်ထုပ်ဝန်ပိုးကို မထမ်းဆောင်သင့်ပါဘူး။ စိတ်အေးချမ်းသာစွာနဲ့ ဆက်လက် သင်ယူနိုင်ဖို့ သူတို့ရဲ့ သီးသန့်တည်ရှိမှုနဲ့ စိတ်ပိုင်းဆိုင်ရာ သုခချမ်းသာကို ကာကွယ်ပေးကြပါစို့” ဟု ၎င်းက ပြောသည်။
ထို့အပြင် ၎င်းက ကျောင်းဝင်းတစ်ခုလုံးကို သေချာစွာ စစ်ဆေးရန် တိုက်တွန်းခဲ့သော်လည်း ကျောင်းသားများ၏ သင်ကြားမှုကို အနှောင့်အယှက် မဖြစ်စေရန် ထည့်သွင်းပြောကြားခဲ့သည်။
“ကျောင်းသားများ၏ လုံခြုံရေးကို အာမခံနိုင်ရန်” အတွက် ဖောင်ဒေးရှင်းသည် ဂျကာတာတောင်ပိုင်းရှိ ၎င်း၏ ကျောင်းအားလုံးကို တနင်္လာနေ့မှစ၍ တစ်ပတ်ကြာ အွန်လိုင်းမှတစ်ဆင့် သင်ကြားရေးသို့ ပြောင်းလဲခဲ့ကြောင်း ဟာမာဝန် က ပြောကြားခဲ့သည်။
စစ်ဆေးရန် လိုအပ်သည့် အခြားအခန်းများ ကျန်ရှိနေသေးပြီး ဘန်ကာပုံစံ ပြုလုပ်ထားသည့် အခန်းတစ်ခန်းလည်း ပါဝင်ကြောင်း ၎င်းက ဆိုသည်။
“သော့ခတ်ထားဆဲ အခန်းတွေ ရှိသေးပြီး အထဲမှာ ဘာတွေရှိလဲဆိုတာ ကျွန်တော်တို့ မသိရသေးပါဘူး” ဟု ဆိုသည်။
တားမြစ်ထားသော သို့မဟုတ် အန္တရာယ်ရှိနိုင်သော ပစ္စည်းများ သိုလှောင်ထားသည်ဟု သံသယရှိသော နေရာများကို ရဲတပ်ဖွဲ့က စစ်ဆေးနေစဉ် အွန်လိုင်းမှ သင်ကြားရေးစနစ် (Online Class) ပြုလုပ်ပေးရန် မိဘများက တောင်းဆိုခဲ့ကြကြောင်း ဖောင်ဒေးရှင်း၏ ရှေ့နေဖြစ်သူ အယ်လ်ဗွန် ကူနီယာ ပယ်လ်မာ (Alvon Kurnia Palma) က ပြောသည်။
“ဘာတွေပါမှန်း မသိရသေးတဲ့ နေရာတွေကို ရဲတပ်ဖွဲ့က ချက်ချင်း ထိန်းသိမ်းပြီး ရှင်းလင်းပေးဖို့ ကျွန်တော်တို့ အပြင်းအထန် တိုက်တွန်းပါတယ်” ဟု ယင်းက ဆိုသည်။
ပြီးခဲ့သည့် အပတ်က ထိုင်းနိုင်ငံတွင် ကျောင်းသားတစ်ဦးသည် ၎င်း၏ အဘိုးဖြစ်သူ၏ သေနတ်ကို အသုံးပြု၍ ဘိုးဘွားများ၊ ဆရာများအပါအဝင် ကျောင်းဝန်ထမ်းအချို့နှင့် ကျောင်းသူတစ်ဦး အပါအဝင် ၈ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ပြီးနောက် ဒေသတွင်း၌ ကျောင်းလုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။ အဆိုပါ ထိုင်းကျောင်းသားထံမှ လေဖိအားသုံးသေနတ်တစ်လက်ကို ပြီးခဲ့သည့်နှစ်အတွင်း ဆရာတစ်ဦး၏ သိမ်းဆည်းခြင်း ခံခဲ့ရဖူးကြောင်း သတင်းများက ဖော်ပြခဲ့သည်။
Ref : SCMP
