သက်တံ့
၁၀. ၈. ၂၀၂၆
ဖိလစ်ပိုင်နိုင်ငံ၏ ပင်မကျွန်းကြီးဖြစ်သော လူဇွန် (Luzon) ကျွန်းနှင့် မြို့တော် မနီလာ အပါအဝင် ပြည်နယ် ၃၃ ခု၌ မုတ်သုံမိုး ဆက်တိုက် ရွာသွန်းမှုကြောင့် ပြည်သူ ၅ သိန်းကျော် ရေဘေးသင့်လျက်ရှိသည်။
မရပ်မနား ရွာသွန်းနေသည့် မုတ်သုံမိုးကြောင့် ဖြစ်ပွားခဲ့သော မြေပြိုမှုများနှင့် ရေကြီးရေလျှံမှုများကြောင့် ဖိလစ်ပိုင်နိုင်ငံတွင် အနည်းဆုံး လူ ၁၂ ဦး သေဆုံးပြီး ၈ ဦး ပျောက်ဆုံးနေကာ ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
အပူပိုင်း မုန်တိုင်းနှစ်ခုကြောင့် အားကောင်းလာသော အနောက်တောင်မုတ်သုံလေကြောင့် ပြည်နယ် ၃၃ ခုမှ ပြည်သူ ငါးသိန်းကျော် ရေဘေးသင့်ခဲ့ရကြောင်း အမျိုးသား သဘာဝဘေးအန္တရာယ် လျှော့ပါးရေးနှင့် စီမံခန့်ခွဲရေး ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ အေဂျင်စီက နေအိမ်များနှင့် အခြေခံအဆောက်အအုံ ရာပေါင်းများစွာ ပျက်စီးခဲ့ပြီး လူပေါင်း ၉၈,၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြောင်းလည်း အစီရင်ခံခဲ့သည်။
အစိုးရက ဖွင့်လှစ်ထားသည့် အရေးပေါ် ကယ်ဆယ်ရေးစခန်း ရာပေါင်းများစွာသို့ ပြည်သူ သောင်းပေါင်းများစွာအား ရွှေ့ပြောင်းပေးခဲ့ရကြောင်း အစိုးရ၏ မြို့ပြကာကွယ်ရေးရုံးမှ လောရန့်စ် မီနာ (Laurence Mina) က ပြောကြားခဲ့သည်။
သေဆုံးမှုများက နိုင်ငံ၏ ပင်မကျွန်းကြီးဖြစ်သော လူဇွန်ကျွန်းပေါ်ရှိ ဘန်းဂတ် (Benguet)၊ ရီဇားလ် (Rizal) နှင့် ဘာတန်ဂတ်စ် (Batangas) ပြည်နယ်များတွင် အဓိက ဖြစ်ပွားခဲ့သည်။
တောင်ကုန်းထူထပ်သော ဘာဂီယို (Baguio) မြို့တွင် မြေပြိုမှုကြောင့် နေအိမ်အများအပြား မြေပိခဲ့ပြီးနောက် လူ ၄ ဦး သေဆုံးကာ ၆ ဦး ပျောက်ဆုံးနေကြောင်း မြို့တော် ပြန်ကြားရေးရုံး၏ ဖေ့စ်ဘုတ်ခ်စာမျက်နှာ ဖော်ပြချက်အရ သိရသည်။

မိုးတဖွဲဖွဲ ရွာသွန်းနေသော်လည်း ပျောက်ဆုံးနေသူများကို အသည်းအသန် ရှာဖွေမှုများကို တနင်္လာနေ့တွင် ဆက်လက် လုပ်ဆောင်လျက်ရှိသည်။
ကယ်ဆယ်ရေးသမားများက မြေစာပုံအတွင်းမှ လူ ၃ ဦးအား အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဘာဂီယို မြို့တော်တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ရှာဖွေရေးနှင့် ရုပ်အလောင်း ဆယ်ယူရေး စစ်ဆင်ရေးများကို ဆက်လက်လုပ်ဆောင်နေစဉ် ကယ်ဆယ်ရေးသမား ၁၅၀ ခန့်က အလှည့်ကျ တာဝန်ယူဆောင်ရွက်နေကြကြောင်းနှင့် မိုးဆက်လက် ရွာသွန်းနေချိန်အတွင်း ဘာဂီယို၌ အခြား မြေပြိုမှု ၁၂ ခုထက်မနည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အခြား သေဆုံးရသည့် အကြောင်းအရင်းများတွင် လျှပ်စစ်ဓာတ်လိုက်မှုနှင့် ရေနစ်မှုတို့ ပါဝင်သည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့ရွာများနှင့် အဓိက လမ်းမကြီးများ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သဖြင့် သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ (Ferdinand Marcos Jnr) က အစိုးရဝန်ထမ်းများအား အိမ်မှနေ၍ အလုပ်လုပ်ကြရန်နှင့် မနီလာ မြို့တော်ဧရိယာ အပါအဝင် ပြည်နယ် ၁၂ ခုထက်မနည်းရှိ ကျောင်းများတွင် အွန်လိုင်း သို့မဟုတ် အခြားနည်းလမ်းများဖြင့် သင်ကြားရေးစနစ် ပြောင်းလဲကျင့်သုံးကြရန် တနင်္လာနေ့တွင် ညွှန်ကြားခဲ့သည်။
အချို့နေရာများတွင် ရေအနက်မှာ ခါးထိ ရောက်ရှိခဲ့သည်။ ထိခိုက်ခံစားရသော ဒေသများတွင် ကူးတို့သင်္ဘော ပြေးဆွဲမှုများ ပြတ်တောက်ခဲ့သည်။ ဖိလစ်ပိုင် အလယ်ပိုင်းနှင့် အရှေ့ပိုင်းရှိ ဆိပ်ကမ်း ၂၀ တွင် ကမ်းခြေစောင့်တပ်က ရေကြောင်းသွားလာမှုများကို ဆိုင်းငံ့ထားကြောင်း ပြောကြားခဲ့သည်။
နိုင်ငံ၏ မိုးလေဝသဌာနက မိုး ပိုမိုသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း ခန့်မှန်းထားသည်။
တရုတ်နိုင်ငံ အရှေ့ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းစေခဲ့သည့် အပူပိုင်းမုန်တိုင်း ဒေါ်လ်ဖင် (Dolphin) သည် ဖိလစ်ပိုင်နိုင်ငံသို့ တိုက်ရိုက်ဝင်ရောက်ခဲ့ခြင်း မရှိသော်လည်း ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများကို ဖြစ်ပေါ်စေသည့် ရာသီအလိုက် မုတ်သုံမိုးကို ပိုမိုအားကောင်းစေခဲ့သည်။
Ref : SCMP
