၇.၈.၂၀၂၆
Written by Linn Eain
ငဝန်တာ အရေးပေါ် ပြုပြင်ရေးနှင့် တာပြန်စီးခြင်းလုပ်ငန်းများကို ပူးပေါင်းအင်အား ၂၆၇ ဦးဖြင့် ၂၄ နာရီ နေ့/ည အလှည့်ကျ မီးဆိုင်းများထွန်း၍ အရှိန်အဟုန်မပျက် လုပ်ဆောင်လျက်ရှိကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဩဂုတ် ၇ ရက်၊ နံနက်ပိုင်းတွင် ထုတ်ပြန်မှုအရ သိရသည်။
ငဝန်တာတမံ အောက်ခံသဲကြော ထူးပေါက်မှုနှင့် ရေကျော်ဝင်ရောက်မှုကို အချိန်မီတားဆီးနိုင်ရေးအတွက် အရေးပေါ် တာပြန်စီးခြင်း၊ တာမြှင့်ခြင်းနှင့် ရေကာနံရံ တည်ဆောက်ခြင်းလုပ်ငန်းများကို ၂၄ နာရီပတ်လုံး နေ့ဆိုင်း၊ ညဆိုင်း အလှည့်ကျစနစ်ဖြင့် ရေနှင့်အပြိုင် အချိန်လုကာ အရှိန်အဟုန်မပျက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။



အဆိုပါ ငဝန်တာအရေးပေါ်ထိန်းသိမ်းရေးလုပ်ငန်းတွင် ညဉ့်နက်ပိုင်းအထိ အနီးကပ်ကြီးကြပ်သူများ၊ စက်ယန္တရားများ၊ ရေယာဉ်များနှင့်အတူ လုပ်သားအင်အား အပြည့်အဝဖြင့် မနားတမ်း လုပ်ဆောင်နေကြခြင်းဖြစ်ပြီး စက်လှေ ၁၃ စီး၊ တပ်မတော်၊ မီးသတ်နှင့် ဌာနဆိုင်ရာ ပူးပေါင်းအင်အား ၂၆၇ ဦးဖြင့် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ညပိုင်းတွင်လည်း လုပ်ငန်းခွင်အတွင်း ကြန့်ကြာမှုမရှိစေရန် မီးဆိုင်းများ၊ လျှပ်စစ်မီးများ အပြည့်အဝ တပ်ဆင်၍ မီးထွန်းကာ ဆည်မြောင်း၊ မြစ်ချောင်းဖြိုး၊ တပ်မတော်သားများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်း၍ ရိုက်စိုက်ထားသော ဝါး/သစ်လုံးတိုင်များ အကွက်အတွင်း သဲအပြည့်ဖြည့်ထားသည့် Geo Bag များ၊ သဲအိတ်များကို ရေအောက်အထိ စနစ်တကျ သယ်ယူဖိသိပ်ချပေးခြင်း၊ တာနိမ့်ကျသွားသည့် နေရာများနှင့် ရေဝင်ပေါက်များကို သဲအိတ်များဖြင့် အထပ်ထပ်စီရီ၍ ရေကာတားနံရံများ တည်ဆောက်ခြင်းတို့ လုပ်ဆောင်နေကြောင်း သိရသည်။
အဆိုပါ စိမ့်ဝင်/ကျော်လွန်နေသော ရေစီးကြောင်းကို အမြန်ဆုံးထိန်းချုပ်နိုင်ရေးနှင့် တာတမံပျက်စီးမှု ပိုမိုမကြီးမားစေရန်အတွက် Geo Bag (ဂျီအိုအိတ်) များကို အဓိကအသုံးပြု၍ အရေးပေါ်နည်း ပညာဆိုင်ရာ တာပြန်စီးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ထူးပေါက်ရာနေရာများအား Geo Bag များဖြင့် ရေအောက်ရေတား နံရံတည်ဆောက်ခြင်း၊ ရေကျော်စီးဆင်းမှုကို တားဆီးရန် တာမြှင့်ခြင်းနှင့် ရေကာနံရံများစီရီခြင်းတို့ကို အနီးကပ်ကြည့်ကြပ်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်မှုအရ သိရသည်။



ထို့ပြင် ရေစီးသန်သည့် အပေါက်များတွင် ရေစီးအားလျော့စေရန် ပိတောက်/သစ်လုံး ရေကာတားများ ရိုက်စိုက်၍ စက်ယန္တရားများဖြင့် သဲနှင့် ကျောက်ကြီးများဖြည့်တင်းပိတ်ဆို့နေပြီး ထိုးကျနေသည့် တာနိမ့်ပိုင်းများကို သဲအိတ်များဖြင့် အဆင့်ဆင့် ထပ်မံဖုံးအုပ်၍ အောက်ခံအုတ်မြစ် ခိုင်ခံ့အောင် ပြန်လည်ပြုပြင်လျက်ရှိကြောင်း သိရသည်။
စိုက်ပျိုးမြေများနှင့် ဒေသခံပြည်သူများ၏ အိုးအိမ်များအတွင်းသို့ ရေထပ်မံမဝင်ရောက်နိုင်စေရန် တာဝန်ရှိသူများ၊ နည်းပညာကျွမ်းကျင်သူများနှင့် အလုပ်သမားများသည် ရေအနက်နှင့် ရေစီးကြောင်းအခြေအနေကို စက်ယန္တရားများ၊ ရေယာဉ်များနှင့်အတူ အချိန်လု၍ တာပြန်ပိတ်နိုင်ရေး အရှိန်အဟုန်မပျက် ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါ ရေကြီးရေနစ်မြုပ်မှုတွင် လေးမျက်နှာမြို့ပေါ်ရှိ ရပ်ကွက် ၅ ရပ်ကွက်နှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာ ၁၀၆ ရွာမှ အိမ်ခြေ ၇,၇၃၄ လုံး၊ အိမ်ထောင်စု ၇,၈၅၈စု၊ လူဦးရေ ၃၂,၆၀၇ ဦး ရေဘေးသင့်လျက်ရှိကြောင်း သိရသည်။





