MT News
၇. ၈. ၂၀၂၆
ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၊ ထိုင်းဘုရင့်နန်းတော်ဝင်းအတွင်းရှိ မြဘုရားသို့ သွားရောက်ဖူးမြော်ကြည်ညိုသည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် အိမ်နီးချင်းထိုင်းနိုင်ငံသို့ ဩဂုတ် ၆ ရက်မှ ၇ ရက်အထိ နှစ်ရက်တာ သွားရောက်နေခြင်းဖြစ်ပြီး ခရီးစဥ်ပထမနေ့တွင် ထိုင်းဝန်ကြီးချုပ် အနုထင် ချာဝီရကွန်က နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ထိုင်းအစိုးရအဖွဲ့ရုံးတွင် ရုံးရှေ့မြက်ခင်းပြင်အထိထွက်ရာ ကော်ဇောနီခင်း၍ တရားဝင်အခမ်းအနားဖြင့် နိုင်ငံတော်အဆင့် ဂုဏ်ပြုကြိုဆိုခဲ့သည်။ ထိုသို့ ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးမှုအပြင် စီးပွားရေးအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များကိုလည်း လက်ခံတွေ့ဆုံခဲ့ကာ နှစ်နိုင်ငံ စီးပွားရေးဖိုရမ်ကိုလည်း ထိုင်းဝန်ကြီးချုပ်နှင့်အတူ တက်ရောက်ခဲ့ကြောင်း သိရသည်။
ထိုင်းဝန်ကြီးချုပ်နှင့် ဆွေးနွေးပွဲအပြီးတွင်လည်း ထိုင်းနိုင်ငံအစိုးရအိမ်တော် Inner Santi Maitri Building ၌ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား သဘောတူစာချုပ်နှင့်နားလည်မှုစာချွန်လွှာ လေးခုတို့အား နှစ်နိုင်ငံမှ သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများက မြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် အနုထင် ချာဝီရကွန်တို့၏ ရှေ့မှောက်၌ စာချွန်လွှာများကို လက်မှတ်ရေးထိုး၍ အပြန်အလှန်လဲလှယ်ခဲ့ကြကြောင်း သိရသည်။
ထို့အပြင် ယနေ့တွင်လည်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ထိုင်းအမျိုးသားလွှတ်တော် ယာယီဥက္ကဋ္ဌ မစ္စတာ မုံခွန်း ဆူရာဆာဂျာနှင့် ထိုင်းအမျိုးသားလွှတ်တော်တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။






