သက်တံ့
၆. ၈. ၂၀၂၆
မက္ကဆီကိုနိုင်ငံ အနောက်မြောက်ပိုင်းရှိ ပဋိပက္ခများဖြစ်ပွားရာ ဆီနာလိုအာ (Sinaloa) ပြည်နယ်တွင် လူမှုကွန်ရက်ပေါ် တိုက်ရိုက်ထုတ်လွှင့်မှု (Livestream) ပြုလုပ်နေစဉ်အတွင်း သေနတ်သမားတစ်ဦးက ဆယ်လီအမျိုးသားတစ်ဦးအား ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း တာဝန်ရှိသူများက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။ ဤလူသိရှင်ကြား သတ်ဖြတ်မှုသည် လက်တင်အမေရိက နိုင်ငံတစ်ခုဖြစ်သည့် မက္ကဆီကိုတွင် ဆိုရှယ်မီဒီယာ ထင်ပေါ်ကျော်ကြားသူများကို ပစ်မှတ်ထားသည့် အကြမ်းဖက်မှုများကို ထပ်မံမီးမောင်းထိုးပြလိုက်ခြင်းဖြစ်သည်။
အဆိုပါ ဆယ်လီအမျိုးသား စီဇာ ဂတ်စတီလမ် (César Gastélum) သည် အင်္ဂါနေ့ညက ဆီနာလိုအာပြည်နယ်၏ မြို့တော် ကူလီယာကန် (Culiacán) တွင် သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ဆိုသည်။ မက္ကဆီကိုတာဝန်ရှိသူများက ထိုလူငယ်၏ သတ်ဖြတ်ခံရမှုသည် မူးယစ်ဂိုဏ်း (Cartel) များ၏ အကြမ်းဖက်မှုနှင့် ဆက်စပ်နေသည်ဟု ရည်ညွှန်းပြောဆိုခဲ့သော်လည်း မည်သည့်အဖွဲ့အစည်း၏ လက်ချက်ဖြစ်သည်ကို အတိအကျ စွပ်စွဲပြောဆိုခဲ့ခြင်း မရှိပေ။
AP သတင်းဌာနက ကြည့်ရှုခဲ့သည့် ၎င်းသေဆုံးချိန် ဗီဒီယိုမှတ်တမ်းအရ ဂတ်စတီလမ်သည် Kentucky Fried Chicken (KFC) ဆိုင်၏ ယာဉ်ရပ်နားစခန်းတွင် အခြားအမျိုးသားနှစ်ဦးနှင့်အတူ ရယ်မောစကားပြောနေစဉ် ဆိုင်ကယ်တစ်စီးဖြင့် အမျိုးသားနှစ်ဦး ရောက်ရှိလာခဲ့သည်။ ထို့နောက် တစ်ဦးက သေနတ်ထုတ်ယူကာ ဂတ်စတီလမ်အား ပစ်ခတ်ခဲ့ပြီး တိုက်ခိုက်သူများသည် အခင်းဖြစ်ပွားရာနေရာမှ ထွက်ပြေးလွတ်မြောက် သွားခဲ့ကြသည်။
အဆိုပါ တိုက်ခိုက်မှုသည် ရုံးဆင်းချိန် လူရှုပ်သည့်အချိန်၌ ဒေသဆိုင်ရာ ရှေ့နေချုပ်ရုံးနှင့် အကွာအဝေး အနည်းငယ်အကွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
မက္ကဆီကိုလုံခြုံရေးအဖွဲ့နှင့် ဒေသဆိုင်ရာ တရားလိုရှေ့နေများက စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေပြီး ဂတ်စတီလမ်သည် “ရာဇဝတ်ဂိုဏ်းတစ်ခု၏ အဖွဲ့ခွဲတစ်ခုကို ရည်ညွှန်းထားသည့်” ဗီဒီယိုအချို့ ထုတ်လွှင့်ခဲ့ဖူးပုံရကြောင်း ပြောကြားခဲ့သည်။

မက္ကဆီကိုသမ္မတ ကလော်ဒီယာ ရှိန်းဘွမ်း (Claudia Sheinbaum) က ဗုဒ္ဓဟူးနေ့ နံနက်ပိုင်း သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များအား “ပြစ်မှုကျူးလွန်သူများကို မဖြစ်မနေ ဖမ်းဆီးရမည်” ဟု ပြောကြားခဲ့သည်။
ထို့အပြင် “ဒီလို ဝမ်းနည်းဖွယ်ရာ လူသတ်မှု ဘာကြောင့် ဖြစ်ပွားခဲ့ရတယ်ဆိုတာကို ကျွန်တော်တို့ စုံစမ်းဖော်ထုတ်ရပါမယ်” ဟု ၎င်းက ဆိုသည်။
ဂတ်စတီလမ်သည် TikTok တွင် ဖော်လိုဝါ ၆၅၀,ဝဝဝ ကျော်ရှိပြီး Instagram နှင့် အခြားဆိုရှယ်မီဒီယာ ပလတ်ဖောင်းများတွင်လည်း ဖော်လိုဝါ အမြောက်အမြား ရှိသူဖြစ်သည်။ ၎င်းသည် ဟာသဗီဒီယိုများနှင့် မက္ကဆီကို ဒေသဆိုင်ရာ ဂီတများ ပါဝင်သည့် အကြောင်းအရာများကို ပုံမှန်တင်ဆက်လေ့ရှိသည်။ ဗီဒီယိုများတွင် ၎င်းသည် မက္ကဆီကိုရှိ မူးယစ်ဂိုဏ်းယဉ်ကျေးမှုနှင့် ဆက်စပ်မှုကို ရည်ညွှန်းသည့် “Bélico” ဟူသော စကားလုံးကိုလည်း တစ်ခါတစ်ရံ သုံးစွဲလေ့ရှိသည်။
ဗုဒ္ဓဟူးနေ့တွင် ဂတ်စတီလမ်၏ ဆိုရှယ်မီဒီယာ အကောင့်များ၌ “ငြိမ်းချမ်းစွာ အနားယူပါ” ဟူသော ဝမ်းနည်းကြောင်း သဝဏ်လွှာများစွာ တင်ခဲ့ကြသည်။
ဆီနာလိုအာပြည်နယ်သည် လွန်ခဲ့သည့် နှစ်များအတွင်း ဆီနာလိုအာမူးယစ်ဂိုဏ်း (Sinaloa Cartel) ၏ အဖွဲ့ခွဲနှစ်ခုအကြား အပြိုင်အဆိုင် တိုက်ခိုက်မှုများ ကြောင့် ပြာပုံအတိ ဖြစ်ခဲ့ရသည်။ တိုက်ပွဲများ ပြင်းထန်ချိန်တွင် အဖွဲ့ခွဲတစ်ခုစီ၏ အမှတ်အသားပါသော ရုပ်အလောင်းများကို မြို့အနှံ့ စွန့်ပစ်ထားလေ့ရှိကြသည်။ ၎င်းတို့အနက် Los Chapitos အဖွဲ့သည် သေဆုံးသူ၏ ရုပ်အလောင်းပေါ်တွင် ပီဇာ သို့မဟုတ် ပီဇာဘူးကို တင်ထားလေ့ရှိပြီး၊ Los Mayos အဖွဲ့ကမူ စွမ်းဘရဲရို (Sombrero) ထိုင်းခေါင်းဆောင်း ဦးထုပ်ကို ထားရစ်ခဲ့လေ့ရှိရာ ကူလီယာကန်မြို့တွင် ထိုဦးထုပ်ဆောင်းထားခြင်းသည် အဖွဲ့တစ်ဖွဲ့ထံ သစ္စာခံမှုဟု ယူဆနိုင်သဖြင့် အန္တရာယ်ရှိသော အပြုအမူ ဖြစ်လာခဲ့သည်။
အင်္ဂါနေ့ညက ဂတ်စတီလမ် သတ်ဖြတ်မခံရမီ ရိုက်ကူးထားသည့် ဗီဒီယိုတွင် ၎င်းသည် အဖြူရောင် စွမ်းဘရဲရို ဦးထုပ်ကို ဆောင်းထားသည်ကို တွေ့ရသည်။

ဗုဒ္ဓဟူးနေ့တွင် ၎င်းသတ်ဖြတ်ခံခဲ့ရသည့် လမ်းဘေး ပလက်ဖောင်းပေါ်တွင် ဖယောင်းတိုင်များ ထွန်းညှိခဲ့ကြသည်။ ဤသည်မှာ ၁ နှစ်ကျော်ကာလအတွင်း သတင်းဖန်တီးသူ Content Creator တစ်ဦး တိုက်ရိုက်ထုတ်လွှင့်မှု ပြုလုပ်နေစဉ် သေနတ်သမားများ၏ ပစ်ခတ်သတ်ဖြတ်ခြင်းကို ခံရသည့် ဒုတိယမြောက် ဖြစ်စဉ်ဖြစ်သည်။
၂၀၂၅ ခုနှစ်၊ မေလအတွင်းက မက္ကဆီကိုအလယ်ပိုင်း ဂျာလစ်စကို (Jalisco) ပြည်နယ်ရှိ အလှပြင်ဆိုင်တစ်ခုတွင် အသက် ၂၃ နှစ်အရွယ် အလှအပဆိုင်ရာဆယ်လီ ဗာလေးရီးယား မားကေးစ် (Valeria Márquez) သည် TikTok ၌ တိုက်ရိုက်ထုတ်လွှင့်နေစဉ် ပစ်ခတ်သတ်ဖြတ်ခြင်း ခံခဲ့ရသည်။
ဤသတ်ဖြတ်မှုသည် မက္ကဆီကိုအစိုးရအနေဖြင့် မူးယစ်ဂိုဏ်းများ၏ အကြမ်းဖက်မှုကို နှိမ်နင်းရန် ထရမ့်ပ်အစိုးရအဖွဲ့၏ ဖိအားပေးမှုကို ပိုမိုခံနေရသည့် အချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဂတ်စတီလမ် သေဆုံးမှုသည် အထူးသဖြင့် စုဖွဲ့ဒုစရိုက်ဂိုဏ်းများ စိုးမိုးထားသည့် ဆီနာလိုအာနှင့် ဟာလစ်စကိုကဲ့သို့ ဒေသများတွင် ရာဇဝတ်ဂိုဏ်းများက ဆယ်လီများကို ပစ်မှတ်ထားသည့် ပိုမိုကျယ်ပြန့်သော ဖြစ်စဉ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။
မက္ကဆီကို လုံခြုံရေးဆိုင်ရာ လေ့လာသုံးသပ်သူ ဒေးဗစ် ဆောစီဒို (David Saucedo) က ဆယ်လီများသည် အကြောင်းအရင်း အမျိုးမျိုးကြောင့် သတ်ဖြတ်ခံရခြင်း သို့မဟုတ် ခြိမ်းခြောက်ခံရခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ အချို့သော ဖြစ်စဉ်များတွင် ပစ်မှတ်ထားခံရသည့် ဆယ်လီများသည် ပဋိပက္ခဖြစ်ပွားနေသော ဒေသရှိ ရာဇဝတ်ဂိုဏ်းတစ်ခုနှင့် ဆက်နွှယ်မှု ရှိနေနိုင်ပြီး၊ ၎င်းတို့အတွက် ဆိုရှယ်မီဒီယာ အကြောင်းအရာများ ဖန်တီးပေးခြင်း သို့မဟုတ် မူးယစ်ဂိုဏ်းဝင်များနှင့် ချစ်ကြိုက်သည့် ဆက်ဆံရေး ရှိနေခြင်းတို့ ဖြစ်နိုင်သည်။
အခြားဖြစ်စဉ်များတွင်မူ ဆယ်လီများသည် မူးယစ်ဂိုဏ်းများအတွက် ငွေကြေးခဝါချပေးခြင်း သို့မဟုတ် သတင်းထောက်တစ်ဦးကဲ့သို့ သတင်းအချက်အလက်များ ဖြန့်ဝေပေးခြင်းတို့ ပြုလုပ်ကြသည်။
“မူးယစ်ဂိုဏ်းတွေဟာ သူတို့ လှုပ်ရှားရာ ဒေသတွေကို ထိန်းချုပ်ဖို့နဲ့ စေခိုင်းဖို့ စိတ်ဝင်စားကြပါတယ်” ဟု ဆောစီဒိုက ဆယ်လီများအခြေအနေအပေါ် ပြောကြားခဲ့သည်။
ထိုသို့ လုပ်ဆောင်ခြင်း၏ ရည်ရွယ်ချက်မှာ ၎င်းတို့အား “ဒုစရိုက်ဆိုင်ရာ သတင်းစကားများ ဖြန့်ဝေရာ နေရာများအဖြစ် ပြောင်းလဲပစ်ရန်” ဖြစ်သည်။
Ref : AP
