◾️ ဘေးအန္တရာယ်၊ စိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှုနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် မြန်မာအာကာသအေဂျင်စီနှင့် ထိုင်းနိုင်ငံ Geo-Informatics နှင့် အာကာသ နည်းပညာဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီတို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့
သတိုး
၆. ၈. ၂၀၂၆
ယခုနှစ် နောက်ဆုံးသုံးလပတ်တွင် ထိုင်းလေကြောင်းလိုင်းမှ ဗန်ကောက်–ရန်ကုန် လေကြောင်းခရီးစဉ် ထပ်မံတိုးချဲ့ပြေးဆွဲမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံဝန်ကြီးချုပ် အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ ယနေ့သွားရောက်သည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ တရားဝင်ခရီးစဉ်အတွင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတနှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်တို့၏ ပူးတွဲကြေညာချက်မှ လူမှု-ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကဏ္ဍတွင် ဖော်ပြထားသည်။
ကြေညာချက်အရ နှစ်နိုင်ငံခေါင်းဆောင်များက ပြည်သူအချင်းချင်း ကူးလူးဆက်ဆံမှု (people-to-people exchanges)သည် မြန်မာနှင့်ထိုင်း နှစ်နိုင်ငံအကြား ကာလရှည် ချစ်ကြည်ရင်းနှီးမှု၏ အခြေခံအုတ်မြစ်တစ်ရပ်ဖြစ်ကြောင်း အလေးထား ပြောကြားခဲ့ကြသည်။ နှစ်ဖက်စလုံးက ၂၀၁၇ ခုနှစ် ခရီးသွားလာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနားလည်မှုစာချွန်လွှာ ဆက်လက်အကောင်အထည်ဖော်ခြင်းကို ကြိုဆိုခဲ့ကြပြီး သတင်းအချက်အလက်များနှင့် အလေ့အကျင့် ကောင်းများ အပြန်အလှန် မျှဝေရေး၊ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ ခရီးသွားလုပ်ငန်းမြှင့်တင်ရေး၊ ခရီးသွားဧည့်သည်များ၏ ဘေးကင်းလုံခြုံရေး နှင့် ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးတို့မှ တစ်ဆင့် သက်ဆိုင်ရာ ခရီးသွားလာရေးကဏ္ဍ တာဝန်ရှိသူများအကြား ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေရန် သဘောတူညီခဲ့ကြသည်။

ထို့အတူနှစ်ဖက်စလုံးသည် (၁၇) ကြိမ်မြောက် ထိုင်း-မြန်မာ နည်းပညာ ပူးပေါင်း ဆောင်ရွက်မှုအစည်းအဝေးတွင် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအကြား မြန်မာ-ထိုင်း ၃ နှစ်တာ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ် (၂၀၂၆-၂၀၂၈) အတည်ပြုချမှတ်ရေးကို မျှော်မှန်းခဲ့ကြသည်။ မြန်မာ-ထိုင်း ၃ နှစ် တာ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်သည် နှစ်နိုင်ငံ အပြန်အလှန်အကျိူးစီးပွားအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေး၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသော လူမှု-စီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ အထူးသဖြင့် ကျန်းမာရေး၊ ပညာရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေရေး ကတိကဝတ်ကို ထင်ဟပ်စေခဲ့သည်။
အလားတူ ခေါင်းဆောင်များသည် နှစ်နိုင်ငံအကြား ချိတ်ဆက်သွားလာမှုကို ပိုမို ကောင်းမွန်စေပြီး ခရီးသွားလုပ်ငန်းနှင့် စီးပွားရေးအပြန်အလှန် ဆက်သွယ် မှုများကို ပိုမိုမြှင့်တင်ပေးနိုင်ရေးအတွက် ၂၀၂၆ ခုနှစ် ၊ စတုတ္ထ သုံးလပတ်တွင် ထိုင်းလေကြောင်းလိုင်းမှ ဗန်ကောက်–ရန်ကုန် လေကြောင်းခရီးစဉ် ထပ်မံတိုးချဲ့ပြေးဆွဲရန် စတင်မှုအားလည်း ကြိုဆိုခဲ့ကြသည်။

အထက်ပါအချက်များအပြင် နှစ်နိုင်ငံခေါင်းဆောင်များက ကမ္ဘာမြေလေ့လာစောင့်ကြည့်ရေး နည်းပညာ နှင့် ယင်း၏ အသုံးချမှုများ၊ အထူးသဖြင့် ဘေးအန္တရာယ်၊ စိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှုနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် မြန်မာအာကာသအေဂျင်စီ (MSA) နှင့် ထိုင်းနိုင်ငံ Geo-Informatics နှင့် အာကာသ နည်းပညာဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ (Geo-Informatics and Space Technology Development Agency -GISTDA) တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ခြင်းကို ကြိုဆိုခဲ့ကြကြောင်း သိရသည်။
