◾️ အွန်လိုင်းလိမ်လည်မှုများနှင့် မူးယစ်ဆေးဝါးကိစ္စရပ်များကို တိုက်ဖျက်ရာတွင် ပူးတွဲကြိုးပမ်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်သွားရန်လည်း နှစ်ဖက်စလုံးက သဘောတူညီခဲ့ကြ
သတိုး
၆. ၈. ၂၀၂၆
ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအတွက် မြန်မာ – ထိုင်း နှစ်နိုင်ငံ အာဏာပိုင်များအကြား ရှိရင်းစွဲ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေရေး တည်ဆောက်သွားရန် သဘောတူညီခဲ့ကြကြောင်း ထိုင်းနိုင်ငံဝန်ကြီးချုပ် အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ ယနေ့သွားရောက်သည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ တရားဝင်ခရီးစဉ်အတွင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတနှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်တို့၏ ပူးတွဲကြေညာချက်မှ နိုင်ငံရေးနှင့်လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုကဏ္ဍတွင် ဖော်ပြထားသည်။
ကြေညာချက်အရ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးပူးတွဲကော်မရှင် (Joint Commission – JC) ကို ဆောလျင်စွာ ကျင်းပနိုင်ရေးအပါအဝင် ကဏ္ဍပေါင်းစုံ၌ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေရန် အဆင့်တိုင်းတွင် တွေ့ဆုံဆွေးနွေးမှုများနှင့် အပြန်အလှန် အဆင့်မြင့်ခရီးစဉ်များကို ပိုမိုလေးနက်ခိုင်မာစွာ ဆောင်ရွက်သွားရန် နှစ်ဖက်စလုံးက သဘောတူညီခဲ့ကြသည်။ နိုင်ငံရေးရာ ညှိနှိုင်းဆွေးနွေးပွဲ (political consultations)၊ မြန်မာနိုင်ငံ၏ သံတမန်သစ်များနှင့် အလယ်အလတ်အဆင့် သံတမန်များအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေး အစီအစဉ်များ၊ နှစ်နိုင်ငံသံတမန်များ အပြန်အလှန်စေလွှတ်ရေး အစီအစဉ်များမှတစ်ဆင့် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ဆောင်ရွက်သွားရေး၊ မြန်မာသံတမန်သင်တန်းကျောင်း (MDA) နှင့် ထိုင်းနိုင်ငံ Devawongse Varopakarn Institute of Foreign Affairs (DVIFA) တို့အကြား နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေးအပေါ် ကြိုဆိုခဲ့ကြသည်။

ထို့အတူ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးတွင် ခိုင်မာပြီး ကာလရှည်ကြာ တည်ရှိခဲ့သည့် မိတ်ဖက်ဆက်ဆံရေးကို နှစ်ဖက်စလုံးက ကြိုဆိုခဲ့ကြပြီး ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက်မှ ဇူလိုင်လ ၁ ရက်အထိ ကျိုင်းတုံမြို့၌ ကျင်းပခဲ့သည့် (၃၈) ကြိမ်မြောက် ဒေသဆိုင်ရာနယ်ခြားကော်မတီ အစည်းအဝေး (Regional Border Committee – RBC) အပါအဝင် သက်ဆိုင်ရာ နှစ်နိုင်ငံ ယန္တရားများမှတစ်ဆင့် စဉ်ဆက်မပြတ် ဖြစ်ပေါ်တိုးတက်မှုများအပေါ် ကျေနပ်အားရစွာဖြင့် မှတ်သားခဲ့ကြသည်။ (၉) ကြိမ်မြောက် မြန်မာ-ထိုင်း တပ်မတော်နှစ်ရပ်အကြား အဆင့်မြင့်အရာရှိကြီးများ (9th High-Level Committee-HLC) အစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်မှ ၂၁ ရက်အထိ ဗန်ကောက်မြို့တွင် ကျင်းပနိုင်ရန် မျှော်မှန်းခဲ့ကြသည်။
အလားတူ နှစ်နိုင်ငံအကြား မဟာဗျူဟာအဆင့်တွင် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာအားကောင်းစေရန်အတွက် မြန်မာနိုင်ငံ အမျိုးသား လုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်နှင့် ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေး ကောင်စီအတွင်းရေးမှူးချုပ်တို့အကြား ကျင်းပမည့် လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲ (Security Dialogue) ကို နှစ်ဖက်စလုံးက ကြိုဆိုခဲ့ကြသည်။
ယင်းအပြင် နှစ်နိုင်ငံပြည်သူများ၏ ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုံခြုံရေးနှင့် ပိုမို ကောင်းမွန်သည့် လူမှုဘဝအခြေခံလိုအပ်ချက်များ ရရှိရေးတို့ကို ဖော်ဆောင်ပေးနိုင်ရန် မြန်မာ-ထိုင်းနယ်စပ်တွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ဖော်ဆောင်မည့် ပူးတွဲကတိကဝတ်ကို နှစ်ဖက်စလုံးက ဖော်ပြခဲ့ကြသည်။

အထက်ပါ အချက်များအပြင် နိုင်ငံဖြတ်ကျော်မှုခင်းများ အထူးသဖြင့် အွန်လိုင်းလိမ်လည်မှုများနှင့် မူးယစ်ဆေးဝါးကိစ္စရပ်များကို တိုက်ဖျက်ရာတွင် ပူးတွဲကြိုးပမ်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်သွားရန် နှစ်ဖက်စလုံးက သဘောတူညီခဲ့ကြသည်။ ထို့ပြင် နိုင်ငံဖြတ်ကျော်မှုခင်းကွန်ရက်များ၏ ငွေကြေးစီးဆင်းမှုများကို ဖြတ်တောက်ဟန့်တားရေး ပူးတွဲဆောင်ရွက်မှုများနှင့် သတင်းအချက်အလက်မျှဝေမှုများမှတစ်ဆင့် မြန်မာ-ထိုင်း နယ်စပ်တစ်လျှောက်ရှိ အွန်လိုင်းလိမ်လည်မှုစင်တာများကို နှိမ်နင်းရန်အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများအကြား ညှိနှိုင်းဆောင်ရွက်မှုများကို တိုးမြှင့်ရန် သဘော တူညီခဲ့ကြသည်။ အထူးသဖြင့် စွမ်းဆောင်ရည် မြှင့်တင်ရေး အစီအစဉ်များမှတစ်ဆင့် နှစ်နိုင်ငံ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး အာဏာပိုင်များအကြား ရှိရင်းစွဲ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေရေး တည်ဆောက်သွားရန် သဘောတူညီခဲ့ကြသည်။ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေး သတင်းအချက်အလက်များ မျှဝေမှုကို လွယ်ကူချောမွေ့စေရန်အတွက် မြန်မာနိုင်ငံ၏ Egmont Group အဖွဲ့ဝင်ဖြစ်ရေးကို ထိုင်းဘက်မှ ဆက်လက်ထောက်ခံကြောင်း ဖော်ပြခဲ့သည်။ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းများ တားဆီးကာကွယ်နှိမ်နင်းရေး ပူးပေါင်းဆောင်ရွက်ရာတွင် ခိုင်မာအားကောင်းစေရေးအတွက်ကတိကဝတ်များကို နှစ်နိုင်ငံခေါင်းဆောင်များက ထပ်လောင်း အတည်ပြုခဲ့ကြကြောင်းနှင့် နှစ်နိုင်ငံခေါင်းဆောင်များသည် မြန်မာနိုင်ငံ ပြည်ထောင်စုလွှတ်တော်နှင့် ထိုင်းနိုင်ငံ အမျိုးသားလွှတ်တော်တို့အကြား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရန်လည်း တိုက်တွန်းခဲ့ကြသည်။
