◾️ နှစ်နိုင်ငံအကြား အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာအသစ်နှင့် အလုပ်သမားများ အလုပ်ခန့်ထားရေးဆိုင်ရာ သဘောတူညီချက်တို့ လက်မှတ်ရေးထိုးခဲ့ခြင်း ကိုလည်း ကြိုဆိုခဲ့ကြ
သတိုး
၆. ၈. ၂၀၂၆
မြန်မာ – ထိုင်း နှစ်နိုင်ငံအကြား ကုန်သွယ်မှုရည်မှန်းချက် အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံအထိ ရရှိစေရေးအတွက် နှစ်ဖက်စလုံးက နှစ်နိုင်ငံကုန်သွယ်မှုကို မြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့ရေးတို့ကို ဆောင်ရွက်နိုင်ရန် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေးအတွက် သဘောတူညီခဲ့ကြသည်ဟု ထိုင်းနိုင်ငံဝန်ကြီးချုပ် အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ ယနေ့သွားရောက်သည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ တရားဝင်ခရီးစဉ်အတွင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတနှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်တို့၏ ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။
မြန်မာ – ထိုင်း နှစ်နိုင်ငံအကြား ကုန်သွယ်မှုရည်မှန်းချက် အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံရရှိရေး သဘောတူညီမှုအပြင် ၂၀၂၆ ခုနှစ်အတွင်း ထိုင်းနိုင်ငံ၌ ကျင်းပရန် စီစဉ်ထားရှိသည့် (၈) ကြိမ်မြောက် ပူးတွဲကုန်သွယ် ရေးကော်မရှင် အစည်းအဝေးတွင် နှစ်နိုင်ငံအကြား ကုန်သွယ်မှု ပိုမို ချောမွေ့စွာစီးဆင်းနိုင်ရေးအတွက် စည်းမျဉ်းစည်းကမ်းဆိုင်ရာ အခက်အခဲ များနှင့် အခြားအခက်အခဲများကို ဖြေရှင်းရန် နှစ်နိုင်ငံခေါင်းဆောင်များက ကြိုဆိုခဲ့ကြသည်။ အလားတူ တရားဝင်နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတို့ အဆင်ပြေချောမွေ့စေရေးအတွက် နည်းလမ်းများကို ရှာဖွေရန် သက်ဆိုင်ရာ အာဏာပိုင်များအား တိုက်တွန်းအားပေးဆောင်ရွက်သွားရန်လည်း ခေါင်းဆောင်များက သဘောတူညီခဲ့ကြသည်။

ထို့အပြင် နှစ်နိုင်ငံခေါင်းဆောင်များသည် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးတွင် အရေးပါသော အခန်းကဏ္ဍမှပါဝင်သည့် အမှတ်-၂ မြန်မာ-ထိုင်း ချစ်ကြည်ရေး တံတား (မြဝတီ- မဲဆောက်) နယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်ခဲ့မှုကို ကြိုဆိုခဲ့ကြသည်။ နှစ်ဖက်စလုံးက နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ဆက်သွယ် ချိတ်ဆက်မှုကို မြှင့်တင်စေမည့် သတ်မှတ်ထားသော နယ်စပ်ဂိတ်မှတစ်ဆင့် နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုကို လွယ်ကူချောမွေ့ လျင်မြန်စေရန် နည်းလမ်းများဆွေးနွေးခဲ့ကြသည်။ နှစ်ဖက်စလုံးသည် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးနှင့် ချိတ်ဆက်ဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်နိုင် ရေးအတွက် နှစ်နိုင်ငံ သဘောတူညီချက်နှင့် မြေပြင်လုံခြုံရေး အခြေအနေအပေါ် မူတည်၍ ကျန်ရှိနေသည့် နယ်စပ်ဂိတ်/ ကုန်သွယ်ရေးဂိတ်များကို ပြန်လည်ဖွင့်လှစ်နိုင်ရေး စဉ်းစားရန် သဘောတူညီခဲ့ကြသည်။
ယင်းအပြင် နှစ်နိုင်ငံခေါင်းဆောင်များသည် အဆင့်မြှင့်တင်ထားသည့် သယ်ယူပို့ဆောင်ရေးနှင့် အခြေခံအဆောက်အအုံဆိုင်ရာ ချိတ်ဆက်မှုများမှတစ်ဆင့် လမ်းပန်းဆက်သွယ်ရေး ကွန်ရက်များကို ခိုင်မာအားကောင်းစေရေး ကတိကဝတ်များကို ထပ်လောင်းအတည်ပြုခဲ့ကြသည်။ ကုန်းလမ်း၊ ပင်လယ် ရေကြောင်း၊ ဆိပ်ကမ်းနှင့် နယ်စပ်ဖြတ်ကျော် လမ်းကြောင်းများပါဝင်သော ဘက်စုံပို့ဆောင်ဆက်သွယ်ရေး (Multi-modal Connectivity) ချိတ်ဆက်မှု အစီအစဉ်တစ်ခုလုံးကို ပေါင်းစပ်ညှိနှိုင်းရန်နှင့် နှစ်နိုင်ငံ ပြည်တွင်းဥပဒေများနှင့်အညီ သင့်လျော်သည့်နေရာတွင် နှစ်နိုင်ငံ၏ သက်ဆိုင်ရာ မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းများ ဟန်ချက်ညီစေရန်တို့အတွက် “မြန်မာ-ထိုင်းအကြား လမ်းပန်းဆက်သွယ်ရေး ကွန်ရက် မြှင့်တင်ရေးဆိုင်ရာ ပူးတွဲလုပ်ငန်းအဖွဲ့” ထူထောင်ရေး၏ အရေးပါမှုကို ဖော်ပြခဲ့ကြသည်။ အနာဂတ်ဆွေးနွေးမှုနယ်ပယ်များတွင် နှစ်နိုင်ငံစလုံး၏ နှစ်ဖက်သဘောတူညီချက်၊ သက်ဆိုင်ရာဖြစ်နိုင်ခြေ လေ့လာမှုများ၊ သက်ဆိုင်ရာ ပြည်တွင်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်း များနှင့်အညီ ရနောင်းဆိပ်ကမ်းနှင့် မြန်မာနိုင်ငံရှိ သင့်လျော်သည့် ဆိပ်ကမ်းများအကြား နှစ်ဖက်အကျိုးရှိသည့် ပင်လယ်ရေကြောင်း ဆက်သွယ်ရေး၊ အလားအလာရှိသော စီးပွားဖြစ် ကမ်းရိုးတန်းရေကြောင်း ပို့ဆောင်ရေးဝန်ဆောင်မှုများ မြှင့်တင်ရေး၊ ဖူနမ်ရွမ်-ထီးခီး-ထားဝယ် သယ်ယူပို့ဆောင်ရေးစင်္ကြန် ဖွံ့ဖြိုးတိုးတက်ရေး၊ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီး စီမံကိန်းအဆင့် မြှင့်တင်ရေး၊ နယ်စပ်ဖြတ်ကျော်ပို့ဆောင်မှု လွယ်ကူချောမွေ့စေရေးနှင့် နယ်စပ်တစ်လျှောက် သင့်လျော်သည့် အထူးစီးပွားရေးဇုန်များနှင့် ထောက်ပံ့ပို့ဆောင်ရေး ဆိုင်ရာ အထောက်အကူပြုပစ္စည်းနေရာများ ဖော်ဆောင်ရေးတို့ ပါဝင်သည်။ ထိုသို့ကြိုးပမ်းမှုများက နှစ်နိုင်ငံစလုံးနှင့် ပိုမိုကျယ်ပြန့်သည့် ဒေသအတွင်း ကုန်သွယ်မှု မြှင့်တင်ရန်၊ ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းနေရာများ အဆင်ပြေစေရန်၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရန်၊ ချိတ်ဆက်မှုခိုင်မာစေရန် မျှော်မှန်းပါသည်။ မြန်မာနိုင်ငံ၏ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိုင်းနိုင်ငံ အိမ်နီးချင်းနိုင်ငံများ စီးပွားဖွံ့ဖြိုးတိုးတက်ရေး ကူညီပေးရေးအေဂျင်စီ (NEDA) ၏ ကူညီပံ့ပိုးမှုကိုလည်း နှစ်နိုင်ငံခေါင်းဆောင်များက ကြိုဆိုခဲ့ကြသည်။

အလားတူ နှစ်ဖက်စလုံးသည် စွမ်းအင်ဖူလုံရေးကို မဟာဗျူဟာမြောက် ဦးစားပေး ကိစ္စရပ်အဖြစ် အသိအမှတ်ပြုခဲ့ကြပြီး စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက် ရန်၊ အထူးသဖြင့် တည်ငြိမ်၍ ယုံကြည်စိတ်ချရသော စွမ်းအင် အထောက်အပံ့ကို အာမခံချက်ရှိရန်နှင့် ရေရှည်တည်တံ့သော စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို မြှင့်တင်နိုင်ရန်အတွက် သဘာဝဓာတ်ငွေ့သယံဇာတများ ဖွံ့ဖြိုးတိုးတက်ရေး ရှာဖွေတူးဖော်မှု တိုးမြှင့်သွားရန် ထပ်လောင်း အတည်ပြုခဲ့ကြသည်။ နှစ်ဖက်စလုံးက နှစ်နိုင်ငံ စွမ်းအင်ဖူလုံမှုနှင့် အပြန်အလှန် အကျိုးစီးပွားကို မြှင့်တင်ရန် ရှိရင်းစွဲစီမံကိန်းများ ဆက်လက် ဆောင်ရွက်နိုင်ရေး အထောက်အပံ့ပေးရန်နှင့် အနာဂတ်စီမံကိန်းများနှင့် ပတ်သက်သည့် ဆောင်ရွက်ဆဲ လုပ်ငန်းစဉ်များ လွယ်ကူချောမွေ့စေရန် သဘောတူညီခဲ့ကြသည်။
အထက်ပါအချက်များအပြင် နှစ်ဖက်စလုံးသည် နှစ်နိုင်ငံအကြား အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာအသစ်နှင့် အလုပ်သမားများ အလုပ်ခန့်ထားရေးဆိုင်ရာ သဘောတူညီချက်တို့ လက်မှတ်ရေးထိုးခဲ့ခြင်း ကိုလည်း ကြိုဆိုခဲ့ကြကြောင်းနှင့် နှစ်နိုင်ငံ ခေါင်းဆောင်များသည် နှစ်နိုင်ငံ ပုဂ္ဂလိကကဏ္ဍများအကြား ကွန်ရက်ချိတ်ဆက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်နိုင်ရန်အတွက် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၆ ရက်တွင် ဗန်ကောက်မြို့၌ မြန်မာ-ထိုင်း စီးပွားရေးဖိုရမ် ကျင်းပခဲ့ခြင်းကို ကြိုဆိုခဲ့ကြသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၊ ထိုင်း-မြန်မာ စီးပွားရေးကောင်စီ (TMBC)၊ မြန်မာနိုင်ငံ ထိုင်းစီးပွားရေး လုပ်ငန်းရှင်များအသင်း (TBAM) တို့အပါအဝင် ပုဂ္ဂလိက ကဏ္ဍ အဖွဲ့အစည်းများအကြား ပိုမိုနီးကပ်စွာ ထိတွေ့ဆက်ဆံကြရန်နှင့် နယ်စပ်ဒေသများရှိ ဒေသဆိုင်ရာ ကုန်သည်ကြီးများအသင်းများအကြား တိုက်ရိုက်ပူးပေါင်း ဆောင်ရွက်ကြရန်လည်း တိုက်တွန်းခဲ့ကြသည်ဟု သိရသည်။
