◾️ မြန်မာနိုင်ငံနှင့် စီးပွားရေးဆက်ဆံရေး ကဏ္ဍသစ်ဖွင့်လှစ်ရန် ထိုင်းနိုင်ငံ အသင့်ရှိကြောင်းပါ ထိုင်းဝန်ကြီးချုပ် ပြောကြား
သတိုး
၆. ၈. ၂၀၂၆
မြန်မာနိုင်ငံသည် ထိုင်းနိုင်ငံနှင့် ချိတ်ဆက်ရန်အတွက် ထားဝယ်စက်မှုဇုန်စီမံကိန်းကို ဆောင်ရွက်လျက်ရှိပြီး ထိုင်းနိုင်ငံထုတ် ကုန်ပစ္စည်းများကို အာရှအနောက်ပိုင်းသို့ ပို့ဆောင်ရန် အတိုဆုံး လမ်းကြောင်းကို ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ (ဩဂုတ် ၆ ရက်) တွင် ပြောကြားခဲ့သည်။
ယခင်က ရပ်ဆိုင်းထားခဲ့သော ထားဝယ်စီမံကိန်းသည် မြန်မာနိုင်ငံတောင်ပိုင်းနှင့် အိန္ဒိယသမုဒ္ဒရာကို ထိုင်းနိုင်ငံ၏ အရှေ့ဘက်ကမ်းလွန်ဒေသနှင့် ချိတ်ဆက်ရန် စီစဉ်ထားခြင်းဖြစ်သည်။ ယင်းစီမံကိန်းတွင် ရေနက်ဆိပ်ကမ်းတစ်ခုနှင့် စက်မှုဇုန်ဆိုင်ရာ အခြေခံအဆောက်အအုံများ ပါဝင်သည်။

ဦးမင်းအောင်လှိုင်သည် ထိုင်းနိုင်ငံသို့ သွားရောက်သည့် ယနေ့ ခရီးစဉ်အတွင်း နိုင်ငံ့ခေါင်းဆောင်များကို ကြိုဆိုသည့် အနီရောင်ကော်ဇောခင်း ကြိုဆိုဧည့်ခံမှုကို ရရှိခဲ့သည်။ ယင်းသည် စစ်ဘေးသင့်နေသော အိမ်နီးချင်းမြန်မာနိုင်ငံနှင့် အာဆီယံ (ASEAN) အဖွဲ့အစည်းကြား ပြန်လည်ထိတွေ့ဆက်ဆံမှုများ ဖြစ်ပေါ်လာစေရန် ဘန်ကောက်၏ ကြိုးပမ်းအားထုတ်မှုတစ်ခု ဖြစ်သည်။
ဘန်ကောက်မြို့သို့ ရောက်ရှိသည့် အခမ်းအနားတွင် ဦးမင်းအောင်လှိုင်သည် တင့်တယ်သော အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားပြီး ထိုင်းအစိုးရအဖွဲ့ရုံးရှေ့ မြက်ခင်းပြင်အထိ ထွက်ကာ ကြိုဆိုခဲ့သော ထိုင်းဝန်ကြီးချုပ်နှင့်အတူ ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးရန် အနီရောင်ကော်ဇောထက်တွင် လျှောက်လှမ်းမသွားမီ ထိုင်းစစ်တပ်တီးဝိုင်းက နိုင်ငံတော်အဆင့်ဂီတတီးဝိုင်းများက နှစ်နိုင်ငံ နိုင်ငံတော်သီချင်းဖြင့် တီးမှုတ်ကြိုဆိုခဲ့ကြသည်။

၂၀၂၁ အာဏာထိန်းသိမ်းမှုဖြစ်စဉ်ဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံ နေရာအနှံ့တွင် စစ်ပွဲများ ပြင်းထန်နေချိန်၌ ထိုင်းနိုင်ငံသည် “ထိန်းညှိထားသော ပြန်လည်ထိတွေ့ဆက်ဆံမှု (Calibrated re-engagement)” ကို လုပ်ဆောင်နေပြီး၊ အာဆီယံ ဒေသဆိုင်ရာအဖွဲ့အစည်းက ဦးဆောင်သည့် ရပ်ဆိုင်းနေသော ငြိမ်းချမ်းရေးအစီအစဉ်များကို မြန်မာဘက်က အကောင်အထည်ဖော်လိမ့်မည်ဟု မျှော်လင့်လျက်ရှိသည်။
ယနေ့ ပြုလုပ်ခဲ့သော နှစ်နိုင်ငံတွေ့ဆုံပွဲတွင် ဦးမင်းအောင်လှိုင်က ငြိမ်းချမ်းရေးနှင့် စီးပွားရေးတိုးတက်မှုကို ဖော်ဆောင်ရန်နှင့် အာဆီယံနှင့် ဆက်ဆံရေး တိုးမြှင့်ရန် ကတိပြုခဲ့သည်။
“မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ရှိနေပြီး ပိုမိုကောင်းမွန်တဲ့ အနာဂတ်ဆီကို ဦးတည်သွားနေပါတယ်” ဟု ဦးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။

ထို့အပြင်”နိုင်ငံတကာဆက်ဆံရေးမှာလည်း ပြည်သူတွေရဲ့ အကျိုးစီးပွားနဲ့ အကျိုးအမြတ်အတွက် ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးတွေကို ခိုင်မာအောင် လုပ်ဆောင်ခဲ့သလို၊ အာဆီယံနဲ့လည်း ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေး ရရှိရေးအတွက် ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဆက်လက်ပြောကြားခဲ့သည်။
အလားတူ ထိုင်းနှင့် မြန်မာနိုင်ငံတို့သည် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ကဏ္ဍသစ်တစ်ခုအတွက် အသင့်ဖြစ်နေပြီဖြစ်ကြောင်း၊ ကုန်သွယ်ရေး ပိုမိုတိုးမြှင့်ရန်နှင့် စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် တွန်းအားပေးသွားမည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် အနုထင်က ယနေ့တွင် ပြောကြားခဲ့သည်။
ပြည်ထဲရေးဝန်ကြီးအဖြစ်လည်း တာဝန်ယူထားသလို (Bhumjaithai – BJT) ပါတီ၏ ခေါင်းဆောင်ဖြစ်သူ အနုထင်သည် ဦးမင်းအောင်လှိုင်နှင့်အတူ တက်ရောက်ခဲ့သည့် ထိုင်း-မြန်မာ စီးပွားရေးထိပ်သီးအစည်းအဝေးတွင် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
Ref : Bangkok Post
