သတိုး
၆. ၈. ၂၀၂၆
ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့မှ ခေါင်းဆောင်များသည် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍသစ်တစ်ခုကို အကောင်အထည်ဖော်ရန်အတွက် “Thai-Myanmar Business Forum 2026” တွင် အထူးမိန့်ခွန်းများ ပြောကြားရန် အစီအစဉ်ရှိသည်။
ခေါင်းဆောင်နှစ်ဦးသည် နှစ်နိုင်ငံအကြား စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အနာဂတ်အတွက် ၎င်းတို့၏ မျှော်မှန်းချက်များကို တင်ပြကြမည်ဖြစ်သည်။
အဆိုပါ ဖိုရမ်သည် စည်းမျဉ်းစည်းကမ်း ပတ်ဝန်းကျင်များ၊ လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်သွယ်ထောက်ပို့မှုကဏ္ဍ ပိုမိုကောင်းမွန်လာမှုများအပြင် သစ်လွင်ထွက်ပေါ်လာသည့် စီးပွားရေးကဏ္ဍများကို အဓိကထား ဆွေးနွေးခြင်းဖြင့် အခွင့်အလမ်းသစ်များကို ရှာဖွေဖော်ထုတ်ရန် ရည်ရွယ်သည်။
ယခုပွဲ၏ အဓိက ရည်မှန်းချက်တစ်ခုမှာ ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကို တည်ဆောက်ရန်နှင့် ကုန်သွယ်ရေး ကွန်ရက်များ ထူထောင်နိုင်ရန်အတွက် မြန်မာနိုင်ငံ၏ ဥပဒေများနှင့် ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်ဆိုင်ရာ တိကျမှန်ကန်သော အချက်အလက်များကို စီးပွားရေးလုပ်ငန်းများထံ ပံ့ပိုးပေးရန်ဖြစ်သည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ထိုင်းနိုင်ငံခရီးစဉ်သည် အစိုးရချင်း ဆက်ဆံရေးထက် ပိုမိုကျယ်ပြန့်လာပြီး စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖြစ်သို့ ကူးပြောင်းလာခဲ့ကာ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍသစ်တစ်ခု ပွင့်လှစ်နိုင်ရေးအတွက် နှစ်နိုင်ငံ စီးပွားရေးဖိုရမ်တစ်ခုကို ယနေ့စတင် ကျင်းပခဲ့ခြင်းဖြစ်သည်။

ထိုင်း-မြန်မာ ချစ်ကြည်ရေးအသင်း (The Thai-Myanmar Association for Friendship) သည် “ထိုင်း-မြန်မာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၏ ကဏ္ဍသစ်” (A New Chapter in Thailand-Myanmar Business Partnership) ဆောင်ပုဒ်ဖြင့် Thai-Myanmar Business Forum 2026 ကို ဩဂုတ်လ ၆ ရက် (ကြာသပတေးနေ့) တွင် Queen Sirikit National Convention Center ၌ ကြီးမှူးကျင်းပလျက်ရှိသည်။
အဆိုပါပွဲသည် “စီးပွားရေးသစ်၊ အခွင့်အလမ်းသစ်၊ တိုးတက်မှုသစ်” (New Business, New Opportunities, New Growth) ဟူသည့် သဘောတရားအောက်တွင် အယူအဆများ ဖလှယ်ရန်နှင့် ကွန်ရက်များ တည်ဆောက်ရန်အတွက် ထိုင်းနှင့် မြန်မာနိုင်ငံတို့မှ စီးပွားရေးခေါင်းဆောင်များ၊ ရင်းနှီးမြှုပ်နှံသူများနှင့် စီးပွားရေးဆိုင်ရာ အေဂျင်စီများကို စုစည်းပေးမည်ဖြစ်သည်။ ဖိုရမ်သည် နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ရေရှည်တိုးတက်စေရန် ရည်ရွယ်သည်။
ထိုင်း-မြန်မာ ချစ်ကြည်ရေးအသင်း၏ ဥက္ကဋ္ဌ ပိဆာနု သုဝဏ္ဏဇာတ (Pisanu Suvanajata) က ၎င်းတို့အသင်းအနေဖြင့် မြန်မာခေါင်းဆောင်၏ ခရီးစဉ်ကို ပုဂ္ဂလိကကဏ္ဍ၏ ယုံကြည်မှုကို ခိုင်မာစေမည့် စတင်မှုတစ်ခုအဖြစ် အသုံးချရန် အဆိုပါ ဖိုရမ်ကို ကြိုတင်စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် နှစ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းများ တွေ့ဆုံရန်၊ အချက်အလက်များ ဖလှယ်ရန်နှင့် ကုန်သွယ်ရေး ကွန်ရက်များ ထူထောင်နိုင်ရန် အခွင့်အလမ်းများကိုလည်း ပံ့ပိုးပေးမည်ဖြစ်သည်။
“ထိုင်းနဲ့ မြန်မာဟာ ရှည်လျားလှတဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတဲ့ အိမ်နီးချင်းနိုင်ငံတွေ ဖြစ်ပါတယ်။ နှစ်နိုင်ငံရဲ့ ပုဂ္ဂလိကကဏ္ဍတွေဟာလည်း ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဆက်ဆံရေးတွေကို အစဉ်အမြဲ ထိန်းသိမ်းထားခဲ့ကြပါတယ်” ဟု ပိဆာနု က ပြောကြားခဲ့သည်။
“အရေးကြီးတာကတော့ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ ယုံကြည်ချက်ရှိရှိ ရင်းနှီးမြှုပ်နှံမှု ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့ မြန်မာနိုင်ငံရဲ့ ဥပဒေတွေ၊ စည်းမျဉ်းတွေနဲ့ စီးပွားရေး ပတ်ဝန်းကျင်အကြောင်း တိကျတဲ့ အချက်အလက်တွေကို ရရှိစေဖို့ သေချာအောင် လုပ်ဆောင်ပေးဖို့ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

◾️ မြန်မာနိုင်ငံရှိ အခွင့်အလမ်းများကို ရှာဖွေဖော်ထုတ်မည့် ဖိုရမ်
နံနက်ပိုင်း အစီအစဉ်ကို နံနက် ၉ နာရီတွင် “မြန်မာနိုင်ငံရှိ စီးပွားရေး အခွင့်အလမ်းများ” (Business Opportunities in Myanmar) ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲမှ စတင်မည်ဖြစ်ပြီး စီးပွားရေး အခြေအနေ အရပ်ရပ်၊ ဈေးကွက် ဖြစ်တည်နိုင်စွမ်းနှင့် ကဏ္ဍပေါင်းစုံမှ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို တင်ပြသွားမည်ဖြစ်သည်။
နံနက် ၉ နာရီ ၄၅ မိနစ်တွင် မြန်မာနိုင်ငံ၌ စီးပွားရေး လုပ်ကိုင်ရန် စိတ်ဝင်စားသည့် ရင်းနှီးမြှုပ်နှံသူများအတွက် “Business Clinic for Potential Investors in Doing Business in Myanmar” အစီအစဉ်ကို ကျင်းပမည်ဖြစ်ပြီး လုပ်ငန်းဆောင်ရွက်လိုသည့် စီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံသူများကို အသေးစိတ် အကြံဉာဏ်များ ပေးအပ်မည်ဖြစ်သည်။
အဆိုပါ အစီအစဉ်တွင် ရင်းနှီးမြှုပ်နှံမှု လုပ်ထုံးလုပ်နည်းများ၊ ဥပဒေများ၊ ကုမ္ပဏီ တည်ထောင်ခြင်း၊ မက်လုံးပေး လုပ်ဆောင်ချက်များနှင့် အခြား လက်တွေ့ကျသော စဉ်းစားဖွယ်ရာများကို လွှမ်းခြုံဆွေးနွေးမည်ဖြစ်သည်။ ယင်းကို ထိုင်း-မြန်မာ စီးပွားရေးလုပ်ငန်းရှင်များအသင်း (TBAM) နှင့် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တို့နှင့် ပူးပေါင်း၍ ကြီးမှူးကျင်းပခြင်းဖြစ်သည်။

◾️ နှစ်နိုင်ငံခေါင်းဆောင်များ စီးပွားရေး မျှော်မှန်းချက် ချမှတ်မည်
အဓိက ကဏ္ဍတစ်ရပ်အဖြစ် မွန်းလွဲ ၂ နာရီခွဲမှ ၃ နာရီအထိ ထိုင်းဝန်ကြီးချုပ် အနုထင် ချာဝီရကွန် (Anutin Charnvirakul) နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်တို့သည် ထိုင်းနှင့် မြန်မာ စီးပွားရေး ကိုယ်စားလှယ်များကို အထူးမိန့်ခွန်းများ ပြောကြားရန် အစီအစဉ်ရှိသည်။
ခေါင်းဆောင်နှစ်ဦးသည် အိမ်နီးချင်းနိုင်ငံများအကြား စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်မှု အနာဂတ်အတွက် ၎င်းတို့၏ မျှော်မှန်းချက်များကို ချမှတ်သွားမည်ဖြစ်သည်။
ထို့နောက် စကားဝိုင်း ဆွေးနွေးပွဲ သုံးခု ဆက်လက် ကျင်းပမည်ဖြစ်သည်။
ပထမစကားဝိုင်း ဖြစ်သည့် “မြန်မာနိုင်ငံတွင် အောင်မြင်ပြီး ရေရှည်တည်တံ့သော စီးပွားရေးအတွက် အနာဂတ် အဆင်သင့်ဖြစ်စေမည့် စည်းမျဉ်းစည်းကမ်း ပတ်ဝန်းကျင် တည်ဆောက်ခြင်း” (Building a Future-Ready Regulatory Environment for Successful and Sustainable Business in Myanmar) တွင် ရေရှည်တည်တံ့သော စီးပွားရေး လုပ်ငန်းဆောင်ရွက်မှုများကို အထောက်အကူပြုသည့် စည်းမျဉ်းစည်းကမ်းများ ဖွံ့ဖြိုးတိုးတက်ရေးကို လေ့လာဆွေးနွေးမည်ဖြစ်သည်။
ဒုတိယစကားဝိုင်း ဖြစ်သည့် “ထိုင်း-မြန်မာ ဆက်သွယ်ရေးကို ပုံစံသစ်ဖော်ဆောင်ခြင်း – လက်ရှိ အချိတ်အဆက်များမှသည် အနာဂတ် အခွင့်အလမ်းများဆီသို့” (Reimagining Thailand-Myanmar Connectivity: From Existing Links to Future Opportunities) တွင် အနာဂတ် ကုန်သွယ်ရေးကို အထောက်အကူပြုရန် ပို့ဆောင်ရေး၊ လော့ဂျစ်စတစ်နှင့် အခြေခံအဆောက်အအုံ အချိတ်အဆက်များကို မြှင့်တင်နိုင်မည့် နည်းလမ်းများကို ရှာဖွေသွားမည်ဖြစ်သည်။
တတိယစကားဝိုင်း ဖြစ်သည့် “ထိုင်း-မြန်မာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်သစ်ကို ဖွင့်လှစ်ခြင်း – ကဏ္ဍသစ်များ၊ အခွင့်အလမ်းသစ်များနှင့် တိုးတက်မှုသစ်များ” (Unlocking the Next Frontier of Thailand-Myanmar Partnership: New Sectors, New Opportunities, New Growth) တွင် သစ်လွင်ထွက်ပေါ်လာသည့် စက်မှုလုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှု ပုံစံသစ်များနှင့် နှစ်နိုင်ငံလုံး၏ စီးပွားရေးတိုးတက်မှု အခွင့်အလမ်းများကို အဓိကထား ဆွေးနွေးမည်ဖြစ်သည်။
ဖိုရမ်သည် စီးပွားရေး မိတ်ဖက်ရှာဖွေပေးခြင်းထက် ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်ရန် ရည်ရွယ်ထားကြောင်း ပိဆာနုက ပြောကြားခဲ့သည်။ ထို့အပြင် ဥပဒေများ၊ စည်းမျဉ်းများ နှင့် စီးပွားရေး အလားအလာများ ပါဝင်သည့် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်ကို တိကျစွာ နားလည်သဘောပေါက်စေရန် ရည်ရွယ်သည်။ ဤအချက်အလက်များသည် ထိုင်းစီးပွားရေးလုပ်ငန်းများအတွက် အခွင့်အလမ်းများကို ဆန်းစစ်ရန်နှင့် ပိုမိုဘက်စုံလွှမ်းခြုံနိုင်သော ရင်းနှီးမြှုပ်နှံမှု အစီအစဉ်များကို ဖော်ထုတ်နိုင်ရန် အထောက်အကူပြုမည် ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

◾️ အသင်း၏ နှစ်နိုင်ငံ လုပ်ငန်းဆောင်ရွက်မှု ၁၉ နှစ်ပြည့်
ထိုင်း-မြန်မာ ချစ်ကြည်ရေးအသင်းကို ၂၀၀၇ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ထိုင်းနှင့် မြန်မာနိုင်ငံတို့အကြား အစိုးရ၊ စီးပွားရေးနှင့် ပြည်သူများအကြား ဆက်ဆံရေးကို ခိုင်မာစေသည့် ယန္တရားတစ်ခုအဖြစ် ၁၉ နှစ်တိုင်တိုင် ရပ်တည်ဆောင်ရွက်ခဲ့သည်။
၎င်းတို့၏ ယခင် လုပ်ဆောင်ချက်များတွင် မြန်မာနိုင်ငံ၌ သဘာဝဘေးအန္တရာယ် ခံစားခဲ့ရသူများကို ကူညီပေးခြင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ဆေးဝါးကိရိယာများ ပံ့ပိုးပေးခြင်းနှင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရန် ဆွေးနွေးပွဲများ ကျင်းပခြင်းတို့ ပါဝင်သည်။
အသင်းသည် နှစ်နိုင်ငံ ပြည်သူများအကြား ဆက်ဆံရေး ခိုင်မာစေရန် ရည်ရွယ်သည့် ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ လှုပ်ရှားမှုများကိုလည်း စီစဉ်ကျင်းပခဲ့သည်။
၂၀၂၆-၂၀၂၈ သက်တမ်းအတွက် ၎င်း၏ အမှုဆောင်ဘုတ်အဖွဲ့တွင် အဖွဲ့ဝင် ၂၀ ဦး ပါဝင်သည်။ နိုင်ငံခြားရေးဝန်ကြီးဌာနသည် ကဏ္ဍအသီးသီးမှ အရည်အချင်းပြည့်မီသော လျှောက်ထားသူများကို ရွေးချယ်ပြီး ဝန်ကြီးချုပ်ထံ တင်ပြအတည်ပြုချက် ရယူသည်။
ဘုတ်အဖွဲ့တွင် ပိဆာနု ဥက္ကဋ္ဌအဖြစ် ဦးဆောင်သည့် ခန့်အပ်ခံရသော အဖွဲ့ဝင် ၁၄ ဦး ပါဝင်ပြီး အစိုးရ၊ စီးပွားရေးနှင့် ပညာရေးကဏ္ဍတို့မှ ကိုယ်စားလှယ်များ ပါဝင်သည်။ ကျန် ရာထူးအလျောက် အဖွဲ့ဝင် ၆ ဦးမှာ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဖြစ်သည်။
မြန်မာခေါင်းဆောင်၏ ထိုင်းနိုင်ငံခရီးစဉ်အပြီး ထိုင်း-မြန်မာ စီးပွားရေး ဆက်ဆံရေး၏ အနာဂတ် ဦးတည်ချက်ကို စီးပွားရေးလုပ်ငန်းများက စိတ်ဝင်တစား စောင့်ကြည့်နေချိန်တွင် အဆိုပါ ဖိုရမ်ကို ကျင်းပခြင်းဖြစ်သည်။
Ref : The Nation Thailand
