
၂၉.၇.၂၀၂၆
Written by Linn Eain
လှိုင်မြို့နယ်နေ အမျိုးသမီးတစ်ဦးကို ဝင်ငွေကောင်းသည့် အလုပ်ရမည်ဟု စည်းရုံးလိမ်လည်၍ တရုတ်နိုင်ငံတွင် တရုတ်ဇနီးမယားအဖြစ် ပို့ဆောင်ရောင်းစားခဲ့သူများကို မရမ်းကုန်းခရိုင်တရားရုံးက လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၁ နှစ်ချမှတ်လိုက်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
လှိုင်မြို့နယ်နေ အမျိုးသမီးတစ်ဦးကို တရုတ်နိုင်ငံတွင် တရုတ်ဇနီးမယားအဖြစ်ပို့ဆောင် ရောင်းစားခဲ့သူများအနက် မိတ္ထီလာမြို့နယ်နေ ဖမ်းမိတရားခံ ကံကော်ဦး(ခ) မီးမီးနှင့် ဘိုဘိုတို့ လင်မယားနှစ်ဦးကို အလုပ်နှင့် ထောင်ဒဏ် ၁၁ နှစ်စီကျခံစေရန်နှင့် တိမ်းရှောင်တရားခံ အပုလေးနှင့် မာမာခိုင်တို့ နှစ်ဦးကို တရားခံပြေးအဖြစ် အတည်ပြု အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်နေ မ—-၊ ၂၆ နှစ် သည် လူမှုကွန်ရက် Tik Tok ပေါ်၌ Li Li အကောင့်မှ “ငွေလိုနေတဲ့သူ ဝင်ငွေကောင်းကောင်းရမယ်၊ အလုပ်လုပ်ချင်တဲ့သူများ Hi ပေးပါ ” ဟု ရေးသားထားသည်ကို တွေ့ရှိသည့်အတွက် ဆက်သွယ်ခဲ့ရာ မန္တလေး တိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ပျဉ်သာကျေးရွာနေ Li Li အကောင့် ပိုင်ရှင် ကံကော်ဦး(ခ)မီးမီးနှင့် ဆက်သွယ်ခဲ့မိကြောင်းသိရသည်။
ထို့နောက် ကံကော်ဦး(ခ)မီးမီးက အဆိုပါ အမျိုးသမီးအား မူဆယ်မြို့ရှိ ပန်းသီးခူးလုပ်ငန်းနှင့် ဆံပင်အတုလုပ်ငန်းတို့တွင် အလုပ်လုပ်ရမည်ဖြစ်ပြီး လစာအသင့်အတင့်ရမည်ဖြစ်ကြောင်း၊ လုပ်ကိုင်လိုပါက မန္တလေးသို့ လာရမည်ဖြစ်ပြီး လမ်းခရီးစရိတ်အကုန်ကျခံပေးမည်ဖြစ်ကြောင်း ပြောဆိုစည်းရုံးသဖြင့် ၎င်းမှ ဆံပင်အတုအလုပ်လုပ်ကိုင်ရန် ရန်ကုန်မှ မန္တလေးသို့သွားရောက်ခဲ့ကြောင်း သိရသည်။
မန္တလေးသို့ရောက်ရှိသည့်အခါ ကံကော်ဦး (ခ) မီးမီးနှင့် ခင်ပွန်းဖြစ်သူ ဘိုဘိုတို့က လာရောက်ခေါ်ဆောင်၍ မူဆယ်မြို့သို့ ပို့ဆောင်ပေးခဲ့ပြီး မူဆယ်မြို့သို့ရောက်သောအခါ ကံကော်ဦး(ခ)မီးမီး၏ ယောင်းမ ဖြစ်သူ အပုလေးက လာရောက်ခေါ်ဆောင်၍ တရုတ်နိုင်ငံ Shan Xi ပြည်နယ် Yi Cheng Xian Linfen မြို့တွင်နေထိုင်သော မာမာခိုင်ထံ ပို့ဆောင်ပေးခဲ့ကြောင်း၊ မာမာခိုင်က ၎င်းအား တရုတ်ယောက်ျားထံ တရုတ်ယွမ် ၃၀၀၀၀ ဖြင့် ရောင်းစားခဲ့ကြောင်း သိရသည်။
ထိုသို့ ရောင်းစားခံရသဖြင့် ထွက်ပြေး၍ Linfen မြို့ရှိရဲစခန်းသို့ အကူအညီတောင်းခံခဲ့ရာ မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းခြင်းခံခဲ့ရကြောင်း စိစစ်ပေါ်ပေါက်သဖြင့် အမှတ်(၆)လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့စု(ရန်ကုန်)မှ လှိုင်မြို့မရဲစခန်းတွင် တရားလိုပြုလုပ်တိုင်တန်းခဲ့သည်။
အဆိုပါဖြစ်စဉ်ကို လှိုင်မြို့မရဲစခန်းက (ပ)၆/၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/၄၄ ဖြင့် အမှုဖွင့် တရားစွဲတင်ခဲ့ပြီး မရမ်းကုန်းခရိုင်တရားရုံးက ဇူလိုင်၂၃ ရက်တွင် ဖမ်းမိတရားခံ ကံကော်ဦး(ခ) မီးမီးနှင့် ဘိုဘို တို့နှစ်ဦးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့် ထောင်ဒဏ် ၁၁ နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံ အပုလေးနှင့် မာမာခိုင်တို့နှစ်ဦးကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၅၁၂ အရ ၈၇/၈၈ အတည်ပြု ထုတ်ဆင့်ခဲ့ကြောင်း သိရသည်။
