

၂၉.၇.၂၀၂၆
Written by Linn Eain
တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့၏ (၁/၂၀၂၆) ကြိမ်မြောက် စုံညီအစည်းအဝေးကို ဇူလိုင် ၂၈ ရက်ကနေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတွင် ကျင်းပခဲ့ပြီး အဆိုပါဦးဆောင်အဖွဲ့၏ အဖွဲ့ခေါင်းဆောင် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး တက်ရောက်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ထိုသို့ ပြောကြားရာတွင် မိမိတို့တောင်သူလယ်သမားများ ထုတ်ကုန်ထွက်ရှိချိန်ရောက်မှ ကြီးမားသည့် ဈေးကွက်အပြောင်း အလဲများကြောင့် ဆုံးရှုံးနစ်နာမှုမဖြစ်ရအောင် သတိပေးဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးက ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးသို့ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အသင်းအဖွဲ့များမှ ဒုတိယဥက္ကဋ္ဌများ၊ ပညာရှင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများ အွန်လိုင်းမှ Virtual စနစ်ဖြင့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးက မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်လျက်ရှိရာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးသည် အလွန်အရေးကြီးပြီး စိုက်ပျိုးမွေးမြူသူများ၏ အခွင့်အရေးများ နစ်နာဆုံးရှုံးမှုမရှိအောင် ကာကွယ်ပေးရန်လိုအပ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးအတွက် လိုအပ်သော နည်းပညာများကို တောင်သူလယ်သမားများ လက်လှမ်းမီရရှိနိုင်စေရေးနှင့် အရင်းအနှီးများစွာမတတ်နိုင်သည့် လုပ်ကွက်ငယ်တောင်သူများအတွက် သင့်တင့်သော စိုက်ပျိုးစရိတ်ချေးငွေရရှိရန် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့ကြောင်း သိရသည်။
နိုင်ငံတော်အနေဖြင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က စိုက်ပျိုးစရိတ်ချေးငွေများကို အချိန်ကာလနှင့် လိုက်လျောညီထွေရှိသည့် ပမာဏအတိုင်း တိုးမြှင့်ထုတ်ချေးပေးလျက်ရှိသည့်အပြင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေတစ်ရပ် ထူထောင်ပြီး စပါးနှင့်ဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်ရာတွင် လိုအပ်သော ဓာတ်မြေဩဇာကို သီးနှံပေါ်ချိန်တွင် ခုနှိမ်ပေးဆပ်စေသောစနစ်ဖြင့် တောင်သူများအား ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တောင်သူလယ်သမားများအနေဖြင့် စိုက်ပျိုးမွေးမြူထုတ်လုပ်မှု နည်းပညာအသစ်များ၌ အလွယ်တကူ ရင်းနှီးမြှုပ်နှံလုပ်ကိုင်လာနိုင်စေရန် ခိုင်မာစိတ်ချရသော ကျေးလက်ချေးငွေနှင့် ငွေရေးကြေးရေးစနစ်များ ဖွံ့ဖြိုးအားကောင်းလာအောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ဒုတိယသမ္မတက ပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် ဒေသတွင်းနိုင်ငံအဖွဲ့အစည်းများဖြစ်ကြသည့် အာဆီယံ (ASEAN)၊ ဘင်းမ်စတက် (BIMSTEC) နှင့် မဟာမဲခေါင်ဒေသခွဲနိုင်ငံများ (GMS) က လွှင့်တင်ထားသည့် ဈေးကွက်နှင့် ကုန်သွယ်မှုဆိုင်ရာ သတင်းအချက်အလက်များ၊ အခါအားလျော်စွာထုတ်ပြန်သော ကုန်သွယ်မှုမူဝါဒများကို သက်ဆိုင်ရာ အဖွဲ့ဝင်များအနေဖြင့် ကြိုတင်သိရှိနိုင်အောင် လေ့လာပြီး မိမိတို့တောင်သူလယ်သမားများ ထုတ်ကုန်ထွက်ရှိချိန်ရောက်မှ ကြီးမားသည့် ဈေးကွက်အပြောင်းအလဲများကြောင့် ဆုံးရှုံးနစ်နာမှုမဖြစ်ရအောင် သတိပေးဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးက ထည့်သွင်းပြောကြားခဲ့သည်။
ထို့နောက် ဦးဆောင်အဖွဲ့အတွင်းရေးမှူး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့၊ လုပ်ငန်းကော်မတီ၊ လုပ်ငန်းအဖွဲ့များနှင့် လုပ်ငန်းတာဝန်များ ဖွဲ့စည်းသတ်မှတ်ထားရှိမှုအခြေအနေများနှင့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကိုရှင်းလင်းတင်ပြခဲ့ပြီး ဦးဆောင်အဖွဲ့ အဖွဲ့ဝင်များက အသီးသီးဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။
