၂၉.၇.၂၀၂၆
Written by KL
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၁၇)၊ အနီးစခန်းရှိ ဓာတ်တော်ချိုင့်ရေတံခွန်တွင် သူငယ်ချင်းများနှင့် အလည်လာသူ မိန်းကလေးတစ်ဦး ရေနစ်သေဆုံးမှု ယနေ့ ဇူလိုင်လ ၂၉ ရက် ညနေ ၃ နာရီ ၂၅ မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သည့် ပြင်ဦးလွင်မြို့နယ်မီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တွင် နေထိုင်သည့် အသက် ၁၆ နှစ်အရွယ် မိန်းကလေးငယ်မှာ သူငယ်ချင်းများနှင့်အတူ ပြင်ဦးလွင်မြို့သို့ လာရောက်လည်ပတ်ခဲ့ပြီး ဓာတ်တော်ချိုင့်ရေတံခွန်တွင် ရေဆော့ကစားစဥ် ရေနစ်သေဆုံးခဲ့ခြင်းဖြစ်သည်။






“ရေတံခွန်ရဲ့ ကန်မကြီးမှာပဲ ရေနစ်တာပါ။ ရေအနက်က ခန့်မှန်း ပေ ၅၀ လောက်ရှိမယ်။ ကလေးမလေးရဲ့ရုပ်အလောင်းကို အဲ့ဒီမှာပဲတွေ့တာပါ”ဟု ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သည့် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ရေနစ်သေဆုံးသူ အမျိုးသမီးငယ်ကို ပြင်ဦးလွင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၇ ဦးဖြင့် သွားရောက်ကယ်ဆယ်ခဲ့ရာ ၁၈ မိနစ်အကြာတွင် ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။
ရေနစ်သေဆုံးသူ မိန်းကလေး၏ ရုပ်အလောင်းကို သန္တိသုခလူမှုကူညီရေးအသင်းမှ အသင်းဝင်များက အသင်းပိုင် မော်တော်ယာဉ်ဖြင့် ပြင်ဦးလွင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
