နေမိုး
၁၂. ၇. ၂၀၂၆
မြန်မာနှင့် ကမ္ဘာ့ပြည်သူများ၏ အမြင်မှတွင်သာမက AA အကြမ်းဖက် လက်နက်ကိုင်များနှင့် ရခိုင်ပြည်သူများ၏ မြင်ကွင်းမှပါ အားကိုးရာခေါင်းဆောင်ဖြစ်လာနေသည့် စစ်ဦးစီးချုပ်ထွန်းမြတ်နိုင် ပျောက်နေသည်မှာ တစ်လပြည့်လုပြီဖြစ်သည်။
ရခိုင်မီဒီယာများဖော်ပြနေသည့် သတင်းများအရ ထွန်းမြတ်နိုင်ကို လူမြင်ကွင်းတွင် နောက်ဆုံးမြင်ခဲ့ရသည်မှာ ဇွန်လ ၁၆ ရက်နေ့ကဖြစ်၍ ပျောက်ဆုံးမှု ၂၅ ရက်တာကာလအတွင်း ထွန်းမြတ်နိုင်မည်သို့ နေထိုင်နေသနည်းဆိုသည်ကိုမူ ထွက်ပေါ်လာသော သတင်းများအရ တပ်မတော်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကုသနေရခြင်းဖြစ်သည်ဟုဆိုသည်။
ထိုဖြစ်စဥ်သည် အမှန်တကယ်ဖြစ်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် လက်ရှိအချိန်သည် AA က ယာယီနယ်မြေစိုးမိုးထားသော ရခိုင်ဒေသနှင့် ပလက်ဝတွင် ရေကြီးရေလျှံမှုများကြောင့် ပြည်သူများ သေဆုံးကာ အငတ်ဘေးရင်ဆိုင်နေရချိန်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ပြည်သူများ စစ်ဘေးအပြင် ရေဘေးနှင့် အငတ်ဘေး သင့်နေသည်အချိန်မျိုးတွင် စစ်ခေါင်းဆောင်လုပ်နေသူတစ်ဦးက ကူညီကယ်ဆယ်ရေးအတွက် မျက်နှာပြပေးနေရမည့်အချိန်မျိုးတွင် ထွန်းမြတ်နိုင်မှာ မျက်နှာပြရန်ဝေးစွာ အသံပင် ထွက်မလာပေ။
လက်ရှိရေဘေးတွင် ယခင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့သော်လည်း ယခုအချိန်တွင် အကြမ်းဖက် AA ထံ ခိုလှုံကူးပြောင်းသွားသူ ဒေါ်ထုမေက ရခိုင်ရေဘေးအတွက် ကူညီကယ်တင်မှုပုံရိပ်များကို သူမ၏အကောင့်တွင် ဖော်ပြနေရာ ထိုပို့စ်များ၏ အောက်တွင် ထွန်းမြတ်နိုင် သေပြီလားဟု မေးမြန်းသူများရှိနေသည်ကိုလည်း တွေ့ရသည်။
“ပြည်သူတွေ ဒုက္ခရောက်နေတဲ့ ဒီအချိန်က နယ်မြေတွေ လိုက်သိမ်းနေပြီး သိမ်းနေတဲ့ နယ်မြေကို တာဝန်ယူထားတဲ့ စစ်ဦးစီးချုပ်တစ်ယောက်အနေနဲ့ တပ်မတော်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောက်လို့ အပြင်မထွက်ရဲဘူးဆိုရင်တောင် ပြည်သူတွေကို ကူညီထောက်ပံ့ဖို့ လုပ်ဆောင်နေကြောင်းလောက်တော့ ဟန်ပြထွက်ပြောရမယ့်အချိန်မျိုး။ သူက ဒီလိုအချိန်မျိုးမှာ မျက်နှာတောင် မပြရဲတာက အမှန်တကယ်ဒဏ်ရာရထားလို့ ကြိတ်ကုနေရတယ်ဆိုတဲ့သဘောနဲ့ အကြောက်လွန်ပြီး သူရဲဘောကြောင်ပြီး ပုန်းနေတဲ့သဘော။ ဒီနှစ်ချက်ပဲရှိတယ်” ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက ရခိုင်ပြည်သူများဒုက္ခရောက်နေချိန် AA စစ်ဦးစီးချုပ် ထွန်းမြတ်နိုင် ပျောက်ရှနေသည့်အပေါ် သုံးသပ်သည်။
အခြားတစ်ဖက်တွင်မူ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ခါလီလူ ရာမန် (Dr. Khalilur Rahman) က ထွန်းမြတ်နိုင်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဆေးဝါးကုသမှု ခံယူနေသည်ဆိုသော ပြောဆိုချက်များအပေါ် “We have no information” (ကျွန်ုပ်တို့ထံတွင် အချက်အလက်မရှိပါ) ဟု ဇူလိုင် ၅ ရက် သတင်းစာရှင်းလင်းပွဲတွင် သာမန်လောက်သာ ပြောသွားပြီး “လုံးဝမရှိပါ/ လုံးဝမဖြစ်နိုင်ပါ” ဟု ငြင်းမသွားသည်ကို တွေ့ရသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ခါလီလူ ရာမန်၏ “ယတိပြတ် ငြင်းဆိုခြင်း” မဟုတ်ဘဲ သာမန်မျှသာ သတင်းအချက်အလက်မရှိကြောင်း ပြောဆိုမှုသည် “သံတမန်နည်းအရ မရေမရာဖြစ်အောင် ဝေဝေဝါးဝါး ပြောဆိုခြင်း” (Diplomatic Ambiguity) သာ ဖြစ်သည်။
ထိုသို့သော သာမန်ငြင်းဆိုမှုမျိုးကို တရားဝင် စာရွက်စာတမ်းအရ မှတ်တမ်းမရှိခြင်း (သို့မဟုတ်) သိသော်လည်း လူသိရှင်ကြား အတည်မပြုလိုခြင်းမျိုးအခြေအနေမျိုးတွင် သံတမန်ဆန်ဆန် သုံးနှုန်းလေ့ရှိသည်။ ထိုသို့ သုံးနှုန်းခြင်း၏ ကြောင်းခြင်းရာတစ်ရပ်မှာလည်း လတ်တလောတွင် AA က ဘင်္ဂလားဒေ့ရှ်နယ်စပ်မြို့များကို ထိန်းထားခြင်း၊ ဘင်္ဂလားဒေ့ရေလုပ်သားများကို ဖမ်းဆီးအကျပ်ကိုင်ခြင်း၊ မြန်မာနိုင်ငံက အကြမ်းဖက်သတ်မှတ်ထားသော လက်နက်ကိုင်ခေါင်းဆောင်တစ်ယောက်ကို ဘင်္ဂလားဒေ့ရှ်က လက်ခံကုသပေးထားကြောင်း အတည်ပြုလိုက်ပါက အိမ်နီးချင်းနိုင်ငံဆက်ဆံရေးတွင် ချစ်ကြည်ရေးပျက်ပြားမည်ကို စိုးရိမ်သဖြင့် ဝေဝေဝါးဝါး ပြောခြင်းသာဖြစ်သည်။
ထွန်းမြတ်နိုင် ရခိုင်ပြည်နယ်အတွင်းသို့ ၂၀၂၅ ခုနှစ် ဇွန်လ ၆ ရက်က ပြန်လည်ဝင်ရောက်လာကြောင်း ဧရာဝတီသတင်းဌာနသို့ ဝန်ခံပြီးကတည်းက တပ်မတော်က ထွန်းမြတ်နိုင်သွားလေရာနေရာများသို့ စဥ်ဆက်မပြတ် လိုက်လံ ဗုံးကြဲမှု သုံးနေရာထက်မနည်း တွေ့မြင်ရသလို ထွန်းမြတ်နိုင်နှင့် AA ကို မကြိုက်သော သူများနှင့် တောင်ပိုင်းရခိုင်ပြည်သူများကလည်း ထွန်းမြတ်နိုင်သွားလေရာသို့ တပ်မတော်ထံ
သတင်းပို့ကြသည်ဟု MT News က မြေပြင်စုံစမ်းမှုများအရ သိရှိရသည်။
ထို့ပြင် ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ် ဘူးလက်လှဆွေကလည်း ပြီးခဲ့သည့် မေလ ၇ ရက်နေ့က ထွန်းမြတ်နိုင်သွားလေရာနေရာများကို ရခိုင်ပြည်သူများက သတင်းပို့နေသဖြင့် ဗုံးကြဲနေရသည်ဟု ပြောခဲ့သည်။
“မေလ ၆ ရက်နေ့မှာ ကျောက်တော်ကို ဗုံးကြဲတယ်။ ဗုံးကြဲရတယ်ဆိုတာက ထွန်းမြတ်နိုင်က ကျောက်တော်ရယ်၊ မြောက်ဦးရယ်၊ ပလက်ဝရယ် ပတ်သွားနေတာ။ ပတ်ပြေးနေတာပေါ့ဗျာ။ ဘယ်နေရာမှာ သူ အတည်တကျနေတယ်ဆိုတာ သူမပြောရဲဘူး။ ပုန်းလျှိုးကွယ်လျှိုးသွားနေတာ။ ဒါပေမဲ့ သူရောက်တဲ့နေရာကို အောက်က ဒေသခံတွေက သတင်းပို့တယ်။ ထွန်းမြတ်နိုင်ရောက်လာပြီ။ အဲဒီမှာ တပ်ကသွားသွားပြီး ဗုံးကြဲရတယ်။ ဗုံးကြဲတာကလည်း တစ်စီးနှစ်စီးမဟုတ်ဘူး။ အဝကြဲတာ။ အဝကြဲတော့ ထွန်းမြတ်နိုင်ကို လက်ခံမိတဲ့မြို့ကတော့ ပြားပြားမှောက်သွားမှာပဲ”ဟု တပ်မတော်အရာရှိလည်းဖြစ်ခဲ့သည့် ဦးလှဆွေက ပြောသည်ကို တွေ့ရသည်။
မည်သို့ပင်ဆိုစေကာမူ ရခိုင်ပြည်သူများ စစ်ဘေး၊ အငတ်ဘေး၊ ရေဘေးကြောင့် စားဝတ်နေရေးအခက်ကြုံကာ အသက်ဘေးအပြင် ရခိုင်ပျိုမေများ ပြည့်တန်ဆာအဖြစ်လုပ်ကိုင်ကာ ဝမ်းစာရှာအသက်မွေးနေချိန်တွင် AA ခေါင်းဆောင်ထွန်းမြတ်နိုင် လူမြင်ကွင်းမှ ပျောက်ရှနေသည်မှာ တစ်လပြည်တော့မည်ဖြစ်သည်။ မြေပြင်သတင်းအချက်အလက်များနှင့် ရရှိသော အချက်အလက်များအရ AA စစ်ဦးစီးချုပ်ထွန်းမြတ်နိုင်သည် ဒဏ်ရာရရှိနေသည်မှာ မှန်ကန်နိုင်ပြီး ဒဏ်ရာမရရှိဘဲ လူမြင်ကွင်းတွင် ပျောက်နေခြင်းသာ မှန်ပါကလည်း တပ်မတော်၏ လေကြောင်းတိုက်ခိုက်မှုကို ကြောက်ရွံ့သောကြောင့် ဒုက္ခရောက်နေသည့်ရခိုင်လူထုကို မျက်နှာပင်ထွက်မပြရဲဖြစ်နေသော သူရဲဘောကြောင်သည့် ခေါင်းဆောင်ဟုပင် မှတ်တမ်းဝင်တော့မည်ဖြစ်သည်။
