သတိုး
၁၂. ၇. ၂၀၂၆
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံဖြစ်သည့်အတွက် ဝါစိုက်ပျိုးရေးကို မြှင့်တင်ကာ ဝါမှတစ်ဆင့် အထည်အလိပ်စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးကို ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် ထိုသို့ဆောင်ရွက်နိုင်ပါက အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးနိုင်မည်ဖြစ်သလို စက်ရုံ၊ အလုပ်ရုံများတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးလာပြီး နိုင်ငံ၏ GDP လည်း မြင့်တက်လာမည်ဖြစ်ကြောင်း “ယနေ့နံနက်တွင် ကျင်းပခဲ့သည့် ဝါစိုက်ပျိုးရေးမှသည် အထည်အလိပ်စက်မှုလုပ်ငန်းဆီသို့” ဆွေးနွေးပွဲ၌ နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည်ဟု နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားသည်။
ထို့အပြင် နိုင်ငံတော်သမ္မတက ၂၀၂၀ ပြည့်နှစ်နောက်ပိုင်း ဝါစိုက်ပျိုးမှု ကျဆင်းခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်တွင် ဝါစိုက်ဧက ၈ သိန်းခန့်ရှိခဲ့သော်လည်း ၂၀၂၂ ခုနှစ်တွင် ၃ ဒသမ ၉ သိန်းဧကအထိ လျော့ကျသွားခဲ့ကြောင်း ပြောကြားသည်။ ထို့ကြောင့် နိုင်ငံတော်အနေဖြင့် ဝါစိုက်ပျိုးရေးကို ပြန်လည်မြှင့်တင်ပေးမည်ဖြစ်ပြီး ဝါစိုက်ဧက ၄ ဒသမ ၅ သိန်းအထိ တိုးချဲ့ကာ လူဦးရေ ၅၁ သန်းအတွက် လိုအပ်သည့် ဝါလိုအပ်ချက်ကို ပြည့်မီစေရန် ရည်မှန်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ဝါကို ကုန်ကြမ်းအဖြစ်သာ ရောင်းချခြင်းမဟုတ်ဘဲ Agro-based Industry အဖြစ် အဆင့်မြှင့်တင်၍ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ရမည်ဖြစ်ကြောင်း၊ ဝါဂွမ်းကို တိုက်ရိုက်တင်ပို့ခြင်းထက် ချည်အဖြစ်၊ ထို့နောက် အထည်အဖြစ် ထုတ်လုပ်တင်ပို့နိုင်ပါက တန်ဖိုးပိုမိုမြင့်မားလာမည်ဖြစ်ပြီး နိုင်ငံအတွက် နိုင်ငံခြားဝင်ငွေလည်း ပိုမိုရရှိလာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အလားတူ နိုင်ငံတော်သမ္မတက ယခုဆွေးနွေးပွဲကို အကျိုးရှိသည့် စီးပွားရေးဆွေးနွေးပွဲတစ်ခု ဖြစ်စေလိုကြောင်း ပြောကြားပြီး ဝါစိုက်ပျိုးသူများမှစ၍ ဂျပ်ခုတ်လုပ်ငန်း၊ ဝါမျိုးစေ့၊ ဝါဂွမ်း၊ ဝါချည်၊ ပိတ်ရက်၊ ဆေးဆိုးပန်းရိုက်၊ အထည်ချုပ်နှင့် ဝါစေ့ဆီထုတ်လုပ်ရေးအထိ ကွင်းဆက်တစ်ခုလုံးမှ လုပ်ငန်းရှင်များ၏ အခက်အခဲများ၊ လိုအပ်ချက်များနှင့် ဖြေရှင်းနိုင်မည့် နည်းလမ်းများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးကာ လက်တွေ့အကောင်အထည်ဖော်နိုင်မည့် အဖြေများ ထွက်ပေါ်လာစေရေးကို အလေးထားဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားခဲ့သည်။
