၁၁.၇.၂၀၂၆
Written by Linn Eain
ဇူလိုင် ဒုတိယ(၁၀)ရက်ပတ်(ဇူလိုင် ၁၁ ရက်မှ ၂၀ ရက်)အတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းတစ်ကြိမ် ဖြစ်ပေါ်နိုင်ပြီး တိုင်းနှင့်ပြည်နယ်အသီးသီးတွင် ၈ ရက်မှ ၁၀ ရက်ခန့်အထိ မိုးထစ်ချုန်းရွာနိုင်ကာ ဧရာ၀တီမြစ်ရေနှင့် ချင်းတွင်းမြစ်ရေ ၅ ပေမှ ၇ ပေ၊ အခြားမြစ်ရေများ ၃ ပေမှ ၅ ပေခန့်အထိ မြင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇူလိုင် ၁၁ ရက်၊ နံနက် ၁၀ နာရီတွင် မိုးလေ၀သနှင့် ဇလဗေဒခန့်မှန်းချက်များကို ထုတ်ပြန်ခဲ့သည်။
ဇူလိုင်လ ဒုတိယ (၁၀)ရက်ပတ် (ဇူလိုင် ၁၁ ရက်မှ ၂၀ ရက်)အတွင်း ဘင်္ဂလားပင်လယ်အော်အခြေအနေမှာ အဆိုပါပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း (၁) ကြိမ် ဖြစ်ပေါ်နိုင်ပြီး အနောက်တောင် မုတ်သုံလေသည် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် အားကောင်းနိုင်ကြောင်းနှင့် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ကြောင်း သိရသည်။

အဆိုပါ (၁၀) ရက်ပတ်အတွင်း မိုးရွာသွန်းမှုအခြေအနေမှာ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ရွာသွန်းမြဲထက် ပိုနိုင်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိင်ကြောင်း မိုး/ဇလက ခန့်မှန်းထားသည်။
ထို့ပြင် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည် နယ်တို့တွင် ၈ ရက်မှ ၁၀ ရက်ခန့်နှင့် မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်းတို့တွင် ၅ ရက်မှ ၇ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း ခန့်မှန်းထားသည်။
ဇူလိုင် ၁၁ ရက်မှ ၂၀ ရက်အတွင်း မြစ်ရေအခြေအနေအားဖြင့် ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့နှင့် စစ်ကိုင်းမြို့တို့တွင် ၄ ပေမှ ၆ ပေခန့်၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ၅ ပေမှ ၇ ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ကြောင်း ခန့်မှန်း သတိပေးထုတ်ပြန်ထားသည်။
ဆက်လက်၍ ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေး၀မြို့ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် ၅ ပေမှ ၉ ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ကြောင်း သိရသည်။
အခြားမြစ်ရေအခြေအနေများမှာ မြစ်သာမြစ်ရေသည် ကလေးမြို့တွင် ၅ ပေခန့်၊ ဒုဋ္ဌဝတီမြစ်ရေသည် သီပေါမြို့တွင် ၂ ပေခန့်၊ ရွှေစာရံနှင့် မြစ်ငယ်မြို့တို့တွင် ၂ ပေမှ ၄ ပေခန့်၊ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့နှင့် မဒေါက်မြို့တို့တွင် ၂ ပေမှ ၄ ပေခန့်၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် ၄ ပေခွဲခန့်၊ ပဲခူးမြစ်ရေသည် ဇောင်းတူမြို့နှင့် ပဲခူးမြို့တို့တွင် ၃ ပေမှ ၄ ပေခန့်၊ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် ၂ ပေခန့်၊ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် ၃ ပေခန့်၊ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့၊ သာပေါင်းမြို့ နှင့် ပုသိမ်မြို့တို့တွင် ၂ ပေမှ ၃ ပေခန့်၊ တိုးမြစ်ရေသည် မအူပင်မြို့တွင် ၂ ပေခန့်နှင့် ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် ၃ ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထုတ်ပြန်ထားသည်။
