သတိုး
၁၀. ၇. ၂၀၂၆
အိန္ဒိယအစိုးရသည် အိန္ဒိယ-မြန်မာနယ်စပ် ၁,၆၁၀ ကီလိုမီတာ အကွာအဝေးကို ရူပီးကုဋေ ၃၁,၀၀၀ (အမေရိကန်ဒေါ်လာ ၃ ဒသမ ၇ ဘီလီယံခန့်) အကုန်အကျခံကာ ခြံစည်းရိုးခတ်သွားမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး မစ္စတာ အမိသ် ရှာဟ် (Amit Shah) က မနေ့က (ဇူလိုင် ၉ ရက်) တွင် ပြောကြားလိုက်သလို နယ်စပ်ဒေသများ၌ လူဦးရေဖွဲ့စည်းပုံ ပြောင်းလဲလာနေခြင်းအပေါ်လည်း သတိပေးလိုက်သည်။
ဗဟိုအစိုးရ၏ နည်းပညာမြင့်နယ်စပ် (Smart Border) မျှော်မှန်းချက်အပေါ် အခြေခံ၍ တည်ဆောက်ထားသည့် အိန္ဒိယနိုင်ငံ၏ နယ်စပ်လုံခြုံရေးစနစ်သည် လာမည့်နှစ်များအတွင်း ကမ္ဘာပေါ်တွင် အခေတ်မီဆုံး ဖြစ်လာလိမ့်မည်ဟု မစ္စတာ ရှာဟ်က ဆိုကာ သီးခြားခွဲထုတ်ထားသည့် နယ်စပ်ကင်းစခန်းများအဆင့်မှသည် ပေါင်းစပ်လုံခြုံရေးကွန်ရက် (Integrated Security Grid) တစ်ခုဆီသို့ ကူးပြောင်းကြရန်လည်း တောင်းဆိုခဲ့သည်။
မြို့တော်နယူးဒေလီတွင် ကျင်းပသည့် ၂၀၂၆ ခုနှစ် ကုန်းတွင်းနယ်စပ်ခရိုင် ရဲမှူးကြီးများ ညီလာခံ (Land Border District Superintendents of Police Conference 2026) တွင် ၎င်းက မိန့်ခွန်းပြောကြားရာ၌ သဘာဝမဟုတ်သည့် အကြောင်းရင်းများကြောင့် ဖြစ်ပွားရသော ပုံမှန်မဟုတ်သည့် လူဦးရေတိုးပွားနှုန်းကို ထိန်းချုပ်ရန် အစိုးရက သန္နိဋ္ဌာန်ချထားကြောင်း၊ တရားမဝင် ခိုးဝင်မှုများသည် နယ်စပ်ဒေသများရှိ လူဦးရေဖွဲ့စည်းပုံ ပြောင်းလဲရခြင်း၏ အဓိကအကြောင်းရင်းဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
အစိုးရ၏ ရည်မှန်းချက်များတွင် ကြားခံစစ် (Proxy War) ဆင်နွှဲမှုများ၊ တရားမဝင် ခိုးဝင်မှုများ၊ အစွန်းရောက်မှုများ၊ မူးယစ်ဆေးဝါး ကုန်ကူးမှုများ၊ မှောင်ခိုကူးမှုများ၊ ဒရုန်းအန္တရာယ်များ၊ ဆိုက်ဘာရာဇဝတ်မှုများ၊ ဂိုဏ်းဖွဲ့ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် လူဦးရေဖွဲ့စည်းပုံ ပြောင်းလဲမှုများကို တားဆီးကာကွယ်ရန် ပါဝင်သကဲ့သို့ နယ်စပ်ဒေသများကို နေထိုင်ရ ပိုမိုအဆင်ပြေချောမွေ့အောင် ပြုလုပ်ပေးပြီး ယင်းဒေသများမှ အခြားနေရာများသို့ ရွှေ့ပြောင်းအခြေချမှုများကို တားဆီးရန်လည်း ပါဝင်ကြောင်း မစ္စတာ ရှာဟ်က ပြောသည်။
အစိုးရအနေဖြင့် ကမ်းရိုးတန်းနယ်စပ်လုံခြုံရေးအတွက်လည်း ဘက်စုံလွှမ်းခြုံနိုင်သော မူဘောင်တစ်ရပ်ဆီသို့ ကူးပြောင်းသွားမည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။ “ဗဟိုအစိုးရ၊ နယ်စပ်စောင့်တပ်ဖွဲ့တွေ၊ ပြည်နယ်နဲ့ ခရိုင်အုပ်ချုပ်ရေးအဖွဲ့တွေ၊ သက်ဆိုင်ရာ ပြည်ထောင်စုအစိုးရ တာဝန်ရှိသူတွေနဲ့ ဒေသခံပြည်သူတွေဟာ လေးဘက်လေးတန်ခိုင်မာတဲ့လုံခြုံရေးကွန်ရက် (Quadrangular Security Grid) တစ်ခု တည်ဆောက်ဖို့ အတူတကွ ပူးပေါင်းဆောင်ရွက်နေကြပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
“လုံခြုံစိတ်ချရတဲ့ နယ်စပ်၊ ဖွံ့ဖြိုးတိုးတက်တဲ့ နယ်စပ်ဒေသနဲ့ နိုးနိုးကြားကြားရှိတဲ့ လူထု လူ့အဖွဲ့အစည်းတို့ ပေါင်းစည်းမှသာ နိုင်ငံတော်ကို လုံခြုံစေမှာဖြစ်ပါတယ်” ဟု မစ္စတာ ရှာဟ်က ဆိုသည်။
နိုင်ငံအတွင်းသို့ ခိုးဝင်မှုများ လုံးဝကင်းစင်သွားစေရန် ခြေလှမ်းများ လှမ်းနေကြောင်းလည်း ၎င်းက”အရင်က ပြဿနာတွေက အမြဲတမ်းဖြစ်နေပြီး ဖြေရှင်းချက်တွေက ယာယီပဲ ဖြစ်ခဲ့ပေမဲ့၊ အခု အစိုးရကတော့ ပြဿနာတွေရဲ့ အမြစ်တွယ်ရာကို နှိမ်နင်းနေပြီး ဖြေရှင်းချက်တွေကို အမြဲတမ်းဖြစ်အောင် လုပ်ဆောင်နေပါတယ်” ဟု ဆိုသည်။
ထို့အပြင် ပြည်ထဲရေးဝန်ကြီးက “လူဦးရေဖွဲ့စည်းပုံဆိုင်ရာ မစ်ရှင်” (Demography Mission) နှင့် ပတ်သက်၍လည်း ထည့်သွင်းပြောဆိုခဲ့ရာ၊ အဆိုပါ မစ်ရှင်သည် လူဦးရေဖွဲ့စည်းပုံ ပြောင်းလဲမှုများကို လေ့လာစစ်ဆေးမည်ဖြစ်ပြီး လူဦးရေတိုးပွားမှု နောက်ကွယ်မှ ပုံမှန်မဟုတ်သည့် အကြောင်းရင်းများကို ဖော်ထုတ်ကာ နောင်တွင် ထိုကဲ့သို့ ပြောင်းလဲမှုများ မဖြစ်ပွားစေရန် တားဆီးမည့် အစီအမံများကို အကြံပြု တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
Ref : Indian Express
