၁၀.၇.၂၀၂၆
Translated by Htwe Ko Tun
တရုတ်ပြည်သူ့သမ္မတနိုင်ငံ အရှေ့တောင်ပိုင်း၊ ဖူကျန်းပြည်နယ်အတွင်း ကမ္ဘာပေါ်တွင် ဖိနပ်အများဆုံး အဓိက ထုတ်လုပ်ရာဖြစ်၍ ဖိနပ်မြို့တော်ဟုခေါ်ကြသော ဂျင်ကျန်းမြို့ရှိ Huiteng Footwear ဖိနပ်စက်ရုံတွင် ဇူလိုင်လ ၉ ရက် မွန်းတည့်ချိန်က မီးလောင်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂၈ ဦး သေဆုံးကြောင်း နိုင်ငံပိုင် သတင်းဌာန Xinhua ကဖော်ပြခဲ့သည်။
Xinhua မှ တင်ထားသော ထိတ်လန့်ဖွယ်ဗီဒီယိုတွင် အဆောက်အအုံတစ်ခုမှ မီးခိုးမည်းကြီးများ ထွက်လာခြင်းနှင့် အမိုးပေါ်တွင် ပိတ်မိနေပုံရသူများကို ပြသထားသည်။


သမ္မတ ရှီကျင့်ဖျင်က မီးလောင်မှုကြောင့် ကြီးမားသော ထိခိုက်ဒဏ်ရာရမှုများ ဖြစ်ပွားခဲ့ကြောင်းနှင့် တာဝန်ရှိသူများကို တင်းကျပ်စွာ တာဝန်ခံရမည်ဟု ပြောခဲ့သည်။
ဖူကျန်းပြည်နယ်ရှိ ဂျင်ကျန်းမြို့၌ ကမ္ဘာ့အားကစားဖိနပ်များ၏ ၂၀ ရာခိုင်နှုန်ကို ထုတ်လုပ်နေသောကြောင့် တရုတ်နိုင်ငံ၏ ဖိနပ်မြို့တော် အဖြစ် မကြာခဏ ရည်ညွှန်းလေ့ရှိသည်။
နိုင်ငံပိုင်ရုပ်သံ CCTV က ကယ်ဆယ်ရေးလုပ်သား ရာပေါင်းများစွာသည် အခင်းဖြစ်ပွားရာနေရာသို့ အလျင်အမြန်ရောက်ရှိခဲ့ပြီး လူ ၂၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်းသတင်းထုတ် လွှင့်ခဲ့သည်။
မီးလောင်မှုတွင်ဒဏ်ရာရသူ မည်မျှရှိသည်ကို မူ မသိရှိရသေးပေ။
မီးလောင်လွယ်သောပစ္စည်းများ သိုလှောင်ထားသည့် စက်ရုံ၏ မြေညီထပ်တွင် မီးလောင်မှု စတင်ခဲ့ဖွယ်ရှိကြောင်း ကနဦးသတင်းများက ဖော်ပြခဲ့သည်။
အာဏာပိုင်များက စက်ရုံပိုင်ရှင်များအတွက် အလုပ်လုပ်သူ အများအပြားကို ဖမ်းဆီးခဲ့ပြီး ကုမ္ပဏီ၏ဘဏ်အကောင့်ကိုလည်း ရပ်ဆိုင်းထားကြောင်း Xinhua သတင်းဌာနက ဖော်ပြခဲ့သည်။
နိုဝင်ဘာလတွင် ဟောင်ကောင်တိုက်ခန်းများစွာတွင် မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး လူ ၁၆၈ ဦး သေဆုံးခဲ့ပြီးနောက် တရုတ်နိုင်ငံသည် အထပ်မြင့်အဆောက်အအုံများတွင် မီးလောင်ကျွမ်းမှုများကို ကာကွယ်ရန် လှုပ်ရှားမှုတစ်ခု စတင်ခဲ့သည်။
Ref . Xinhua
