
၉.၇.၂၀၂၆
Written by KL
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တွင် မြို့အတွင်း လှည့်လည်ခိုးယူထားသော ဆိုင်ကယ်များကို ဝယ်ယူသူနှင့် ခိုးယူသူ အပါအဝင် ၄ ဦးကို ဆိုင်ကယ် ၁၄စီး နှင့်အတူ ဇူလိုင်လ ၆ ရက်တွင် ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။
တာချီလိတ်မြို့နယ်၊ ဖန်မင်အုပ်စု၊ မယ်ယန်းကျေးရွာအနီး တာချီလိတ် – ကျိုင်းတုံကားလမ်းပေါ်တွင် ဇူလိုင်လ ၆ ရက် နံနက် ၁၁ နာရီခန့်က အမျိုးသားနှစ်ဦး စီးနင်းလာသော ဆိုင်ကယ်ကို ရဲတပ်ဖွဲ့က စစ်ဆေးရာမှ ဆိုင်ကယ်များ ခိုးယူလာမှုကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
ဖမ်းမိသူ မျိုးမင်းသူရ (ခ) ဖိုးသားနှင့် သီဟထွန်းကို စစ်ဆေးချက်များအရ မိုင်းဆတ်မြို့၊ မယ်ဆွမ်ရပ်ကွက် ကျေးရွာစာရေး ဇင်ထက်အောင်ထံမှ ဆိုင်ကယ် ၅ စီး၊ အခြားနေရာများမှ ၃ စီး၊ မိုင်းဖြတ်မြို့ ဝမ်မိုင် ရပ်ကွက်နေ ချစ်မင်းသူ (ခ) အညာသားထံမှ ဆိုင်ကယ် ၄ စီး၊ တာချီလိတ်မြို့ ဆန်ဆိုင်း (ခ) ရပ်ကွက်ရှိ ဆိုင်ကယ် အရောင်းဆိုင်တစ်ဆိုင်မှ ၁ စီး စုစုပေါင်း ဆိုင်ကယ် ၁၄ စီးကို သိမ်းဆည်းရမိခဲ့သည်။
ဖမ်းဆီးရမိသူများကို တာချီလိတ်မြို့မရဲစခန်းတွင် ရာဇသတ်ကြီးဥပဒေပုဒ် ၃၈၀ဖြင့် အမှုဖွင့်ကာ ဆက်လက်စစ်ဆေးလျက်ရှိသည်။
တာချီလိတ်မြို့နယ်တွင် ဆိုင်ကယ်ခိုးမှုများ မကြာခဏ ဖြစ်ပွားလျက်ရှိသဖြင့် ရဲတပ်ဖွဲဝင်များက ဖမ်းဆီးဖော်ထုတ်နိုင်ရန် လျှို့ဝှက်စုံစမ်းဖော်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
