သက်တံ့
၉. ၇. ၂၀၂၆
ထိုင်းနိုင်ငံ၊ မဟာဆာရာခမ်း တက္ကသိုလ် (Mahasarakham University) မှ သုတေသီများသည် ကာလာဆင် (Kalasin) ခရိုင်ရှိ ဖူနွိုင်း (Phu Noi) ကျောက်ဖြစ်ရုပ်ကြွင်းတူးဖော်ရေးနေရာမှ တွေ့ရှိရသော ရုပ်ကြွင်းများမှတစ်ဆင့် လည်ပင်းရှည် ဆောရိုပေါ့ဒ် (Sauropod) ဒိုင်နိုဆော မျိုးစိတ်သစ်တစ်ခုကို ဖော်ထုတ်နိုင်ခဲ့သည်။ ၎င်းသည် ထိုင်းနိုင်ငံတွင် တရားဝင်အမည်ပေးနိုင်ခဲ့သည့် ၁၅ ခုမြောက် ဒိုင်နိုဆောမျိုးစိတ် ဖြစ်လာခဲ့သည်။
ယူရာဂါဆောရပ်စ် ကာလာဆင်နန်းဆစ် (Uragasaurus kalasinensis) ဟု အမည်ပေးထားသည့် အဆိုပါဒိုင်နိုဆောမျိုးစိတ်သည် လွန်ခဲ့သောနှစ်သန်းပေါင်း ၁၅၀ ခန့် ဂျူရောဆစ်ခေတ်နှောင်းပိုင်း (Late Jurassic Period) တွင် ရှင်သန်နေထိုင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် ထိုင်းနိုင်ငံနှင့် အရှေ့တောင်အာရှတွင် ပထမဆုံးအကြိမ်အဖြစ် တရားဝင်အမည်ပေးနိုင်ခဲ့သော မာမန်ချီဆောရီဒေး (Mamenchisauridae) မျိုးရင်းဝင် ဒိုင်နိုဆောတစ်ကောင် ဖြစ်သည်။

အဆိုပါ ကျောက်ဖြစ်ရုပ်ကြွင်းများကို ထိုင်းနိုင်ငံ၏ ကျောရိုးရှိသတ္တဝါ ကျောက်ဖြစ်ရုပ်ကြွင်းများအတွက် အရေးပါဆုံးနေရာတစ်ခုဖြစ်သည့် ဖူနွိုင်းကျောက်ဖြစ်ရုပ်ကြွင်းတူးဖော်ရေးဒေသရှိ ဖူကရတ်ဒေါင်း (Phu Kradung) မြေလွှာအဆောက်အအုံတွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ထိုနေရာတွင် ငါး၊ လိပ်၊ ရှေးဟောင်းမိကျောင်း၊ ပျံသန်းနိုင်သော တွားသွားသတ္တဝါ (Pterosaurs) များနှင့် ဒိုင်နိုဆောများအပါအဝင် တိရစ္ဆာန်အုပ်စုအမျိုးမျိုးမှ ကျောက်ဖြစ်ရုပ်ကြွင်းပေါင်း ထောင်ချီကို ရှာဖွေတွေ့ရှိထားပြီးဖြစ်သည်။
၎င်းနေရာတွင် လည်ပင်းရှည် ဆောရိုပေါ့ဒ်ဒိုင်နိုဆော ရုပ်ကြွင်းများကို တွေ့ရှိခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း အရိုးအများစုမှာ ပြန့်ကြဲပြီး ရောထွေးနေသောကြောင့် မျိုးစိတ်ကို အတိအကျခွဲခြားရန် ခက်ခဲခဲ့သည်။
သုတေသီများသည် မျိုးစိတ်အသစ်ကို တရားဝင်သတ်မှတ်ဖော်ပြရန်အတွက် အသုံးပြုရမည့် စံပြရုပ်ကြွင်း (Holotype) ၏ ထူးခြားသော ခန္ဓာဗေဒဆိုင်ရာ လက္ခဏာရပ်များကို ခွဲခြားနိုင်ရန် ကျောက်ဖြစ်ရုပ်ကြွင်းများကို ၁၀ နှစ်ကျော်ကြာ နှိုင်းယှဉ်လေ့လာခဲ့ကြရသည်။ ထို့နောက်တွင်မှ ဤရုပ်ကြွင်းသည် ယခင်က မသိရှိသေးသည့် ဒိုင်နိုဆောမျိုးစုနှင့် မျိုးစိတ်သစ်တစ်ခုဖြစ်ကြောင်း အဖွဲ့က အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်သည်။
မျိုးစုအမည်ဖြစ်သော Uragasaurus သည် သက္ကတဘာသာစကားဖြင့် မြွေကြီး သို့မဟုတ် ရင်ဘတ်ဖြင့်သွားသောသတ္တဝါ ဟု အဓိပ္ပာယ်ရသည့် “Uraga” နှင့် ဂရိဘာသာစကားဖြင့် ဖွတ်၊ ပုတ်သင်ညို ဟု အဓိပ္ပာယ်ရသည့် “Saurus” တို့ကို ပေါင်းစပ်ထားခြင်းဖြစ်သည်။
မျိုးစိတ်အမည်ဖြစ်သော Kalasinensis မှာမူ ကျောက်ဖြစ်ရုပ်ကြွင်းများကို ရှာဖွေတွေ့ရှိခဲ့သည့် ကာလာဆင်ခရိုင်ကို အစွဲပြု၍ မှည့်ခေါ်ထားခြင်း ဖြစ်သည်။

Uragasaurus kalasinensis သည် အလွန်တရာရှည်လျားသော လည်ပင်းများရှိခြင်းကြောင့် လူသိများသည့် မာမန်ချီဆောရီဒေး (Mamenchisauridae) မျိုးရင်းဝင်ဖြစ်သည်။ ၎င်း၏ လည်ပင်းအလျားသည် ခန္ဓာကိုယ်တစ်ခုလုံး အလျား၏ ၅၀ ရာခိုင်နှုန်းခန့်ရှိပြီးသာမန်ဆောရိုပေါ့ဒ်ဒိုင်နိုဆော အများစုတွင် လည်ပင်းရိုး ၁၃ ခုမှ ၁၅ ခုခန့်သာ ရှိသော်လည်း ၎င်းတွင်မူ လည်ပင်းဆစ်ရိုး ၁၇ ခုမှ ၁၉ ခုအထိ ပါဝင်သည်။
အဆိုပါဒိုင်နိုဆော၏ အရိုးများထဲတွင် ယနေ့ခေတ် ငှက်များတွင် တွေ့ရသကဲ့သို့ လေအိတ်ငယ် အမြောက်အမြား ပါဝင်သည်။ ယင်းက လည်ပင်း၏အလေးချိန်ကို လျော့ပါးစေပြီး ကျယ်ပြန့်သောဧရိယာရှိ အပင်များကို စားသောက်နေစဉ်အတွင်း လည်ပင်းကို ထိရောက်စွာ မြှင့်တင်နိုင်၊ လှုပ်ရှားနိုင်စေရန် ကူညီပေးသည်။
သုတေသီများ၏ ခန့်မှန်းချက်အရ အရွယ်ရောက်ပြီးသော Uragasaurus တစ်ကောင်သည် အလျား ၁၈ မီတာမှ ၂၀ မီတာခန့်အထိ ရှိနိုင်ပြီး ၎င်း၏လည်ပင်းကို ၉ မီတာအမြင့် (အကြမ်းဖျင်းအားဖြင့် ၃ ထပ်တိုက်အမြင့်ခန့်) အထိ မြှင့်တင်နိုင်သည်ဟု ဆိုသည်။ ၎င်း၏ အရွယ်အစားကြောင့် ဂျူရက်ဆစ်ခေတ်နှောင်းပိုင်း ထိုင်းနိုင်ငံ၏ ဂေဟစနစ်တွင် အကြီးဆုံး ကုန်းနေသတ္တဝါများထဲမှ တစ်ခုဖြစ်ခဲ့သည်။
အဆိုပါသုတေသနအရ ထိုင်းနိုင်ငံတွင် မာမန်ချီဆောရီဒေး မျိုးရင်းဝင် ဒိုင်နိုဆောမျိုးစိတ် တစ်ခုထက်မက ရှင်သန်ခဲ့ပုံရကြောင်းလည်း ညွှန်ပြနေသည်။

ကာလာဆင်နှင့် မွတ်ဒါဟန် (Kalasin-Mukdahan) ခရိုင်အစပ်အနီးရှိ ဖူဒန်မာ (Phu Dan Ma) နေရာတွင် တွေ့ရှိရသည့် အခြားကျောက်ဖြစ်ရုပ်ကြွင်းတစ်ခုသည် Uragasaurus နှင့် မတူညီသော လက္ခဏာရပ်များ ရှိနေသည်။ သုတေသီများက ထိုရုပ်ကြွင်းသည် ခရီတေးရှပ်ခေတ်ဦးပိုင်း (Early Cretaceous period) က ဒိုင်နိုဆောဖြစ်နိုင်သည်ဟု ယုံကြည်ကြသည်။
ခေတ်ကာလ ကွာခြားချက်အရ အဆိုပါ မျိုးစိတ်ကွဲပြားသည့်ဒိုင်နိုဆောနှစ်ကောင်သည် တစ်ချိန်တည်းတွင် အတူတကွ ရှင်သန်ခဲ့ကြခြင်း မဟုတ်ဘဲ၊ ထိုင်းနိုင်ငံရှိ မာမန်ချီဆောရီဒေး ဒိုင်နိုဆောများအကြားတွင် ယခင်က သိထားသည်ထက် ပိုမိုစုံလင်ကွဲပြားမှု ရှိခဲ့ကြောင်း ပြသနေသည်။
ယခုရှာဖွေတွေ့ရှိမှုသည် ထိုင်းနိုင်ငံ၏ ဒိုင်နိုဆောမှတ်တမ်းတွင် မျိုးစိတ်သစ်တစ်ခုကို ထပ်မံဖြည့်စွက်နိုင်ခဲ့ပြီး ထိုင်းနိုင်ငံရှိ ဆောရိုပေါ့ဒ်ဒိုင်နိုဆောများ၏ ဆင့်ကဲပြောင်းလဲမှု သမိုင်းကြောင်းတွင် လိုအပ်နေသော ကွက်လပ်များကို ဖြည့်ဆည်းပေးနိုင်ခဲ့သည်။ ၎င်းကျောက်ဖြစ် ရုပ်ကြွင်း မှတ်တမ်းများသည် ထရိုင်အာဆစ်ခေတ် (Triassic period) ၏ ဆောရိုပေါ့ဒိုမော့ဖ် (Sauropodomorphs) ဦးဆုံးမျိုးဆက်များမှသည် ဂျူရောဆစ်ခေတ် ဆောရိုပေါ့ဒ်များနှင့် ခရီတေးရှပ်ခေတ်အထိ တိုင်အောင် ကျယ်ပြန့်လျက်ရှိသည်။
ထို့အပြင် ဤတွေ့ရှိချက်များသည် “ထိုင်းနိုင်ငံ၏ ဂျူရက်ဆစ်ပါခ်” (Thailand’s Jurassic Park) ဟု တင်စားခေါ်ဝေါ်ခြင်းခံရသည့် ဖူနွိုင်း ကျောက်ဖြစ်ရုပ်ကြွင်းတူးဖော်ရေးနေရာ၏ သိပ္ပံပညာဆိုင်ရာ အရေးပါမှုကို ပိုမိုပေါ်လွင်စေသည်။ ဤနေရာသည် အရှေ့တောင်အာရှရှိ သမိုင်းမတင်မီ သက်ရှိများ၏ စုံလင်ကွဲပြားမှုကို သုတေသနပြုရန်အတွက် အရေးကြီးသော သတင်းအချက်အလက် အရင်းအမြစ်တစ်ခုအဖြစ် ဆက်လက်တည်ရှိနေဆဲ ဖြစ်သည်။
(ပုံများကို Pakorn Chotchaiyaporn ၏ ရှေးဟောင်းဇီဝဗေဒအနုပညာ (Paleo art) ဖြင့် ပြုပြင်မွမ်းမံထားသည်)
Ref : Thaiger
