၉.၇.၂၀၂၆
Written by Linn Eain
တရားလွှတ်တော်ရှေ့နေအဖြစ် လျှောက်ထားသည့် အထက်တန်းရှေ့နေ ၁၆၄ ဦးအား ကန့်ကွက်ရန် ရှိ/မရှိ၊ ရှေ့နေကျင့်ဝတ်ဖောက်ဖျက်သည့် တရားလွှတ်တော်ရှေ့နေ ၁၃ ဦးကို အရေးယူရန် သင့်/မသင့်အပါအဝင်အခြားကိစ္စရပ်များကို တရားလွှတ်တော် ရှေ့နေများကောင်စီ အစည်းအဝေး အမှတ်စဉ် ၁/၂၀၂၆ တွင် ညှိနှိုင်းဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
တရားလွှတ်တော်ရှေ့နေများကောင်စီ အစည်းအဝေးအမှတ်စဉ် ၁/၂၀၂၆ ကို နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း၊ Cluster – 1, Bluding (6)ရှိ တရားလွှတ်တော်ရှေ့နေများကောင်စီရုံးတွင် ဇူလိုင် ၈ ရက်၊ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးတွင် တရားလွှတ်တော်ရှေ့နေအဖြစ် စာရင်းတင်သွင်းခွင့်ပြုရန်လျှောက်ထားသည့် အထက်တန်းရှေ့နေ ၁၆၄ ဦးအား တရားလွှတ်တော်ရှေ့နေများကောင်စီက ကန့်ကွက်ရန် ရှိ/မရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ သဘောထားတောင်းခံသည့်ကိစ္စ၊ ရှေ့နေကျင့်ဝတ်ဖောက်ဖျက်သည့် တရားလွှတ်တော်ရှေ့နေ ၁၃ ဦးအပေါ် တရားလွှတ်တော်ရှေ့နေများကောင်စီ အက်ဥပဒေပုဒ်မ ၁၀ (၁) အရ ထိုက်သင့်သည့် အရေးယူမှုပြုလုပ်ရန် သင့်/ မသင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ သဘောထားတောင်းခံသည့်ကိစ္စ၊ တရားလွှတ်တော် ရှေ့နေတစ်ဦးက ဘဏ်ရှေ့နေခန့်ထားနိုင်ရေး အကျင့်စာရိတ္တကောင်းမွန်ကြောင်း ထောက်ခံပေးနိုင်ရန်လျှောက်ထားသည့်ကိစ္စတို့နှင့် ပတ်သက်၍ မှတ်တမ်းတင်ရန်ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်း ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် တရားလွှတ်တော်ရှေ့နေများကောင်စီအဖွဲ့ဝင် လစ်လပ်လျက်ရှိသည့် အဖွဲ့ဝင်နှစ်ဦးနေရာနှင့် ဒုတိယဥက္ကဋ္ဌနေရာတို့အတွက် ဆွေးနွေးဆုံးဖြတ်သည့်ကိစ္စ၊ ၁၉၅၄ ခုနှစ်၊ တရားလွှတ်တော်ရှေ့နေများအဖြစ် ဝင်ခွင့်နည်းဥပဒေများ၊ နည်းဥပဒေ ၁ (ခ)၊ နည်းဥပဒေ ၈ နှင့် နည်းဥပဒေ ၁၅ တို့ကို ပြင်ဆင်နိုင်ရေးနှင့် နည်းဥပဒေ ၁ (ဂ)၏နောက်တွင် နည်းဥပဒေ ၁ (ဃ) ကို ဖြည့်စွက်ရန်ကိစ္စ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ လွှဲပြောင်းပေးပို့ခဲ့သည့် တိုင်ကြားစာများအား မှတ်တမ်းတင်ရန်ကိစ္စ၊ တရားလွှတ်တော်ရှေ့နေအဖြစ် အမှုလိုက်ပါဆောင်ရွက်ခြင်းကို ပြင်းထန်စွာသတိပေးခြင်း၊ ဆိုင်းငံ့ခြင်း၊ ပယ်ဖျက်ခြင်းကိစ္စရပ်များ အမိန့်မိတ္တူများနှင့် စပ်လျဉ်း၍လည်း မှတ်တမ်းတင်ရန်ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
တရားလွှတ်တော်ရှေ့နေများကောင်စီ အစည်းအဝေးအမှတ်စဉ် ၁/၂၀၂၆ အစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် တရားလွှတ်တော်ရှေ့နေများကောင်စီဥက္ကဋ္ဌ ဒေါက်တာသီတာဦး ဦးဆောင်၍ တရားလွှတ်တော်ရှေ့နေများကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ တရားလွှတ်တော်ရှေ့နေများကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
