၉.၇.၂၀၂၆
Written by Linn Eain
၂၀၁၄ ခုနှစ်၊ အမျိုးသားပညာရေးဥပဒေကို ဦးစားပေးပြန်လည်သုံးသပ်ပြီး လက်ရှိအခြေအနေနှင့်ကိုက်ညီသည့် ပညာရေးဥပဒေတစ်ရပ်ဖြစ်အောင် အလေးထား လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးခင်ရီက ပြည်သူ့လွှတ်တော်ရုံး၌ ပညာရေးမြှင့်တင်မှုကော်မတီဝင်များနှင့် ဇူလိုင် ၈ ရက်က တွေ့ဆုံရာတွင် ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံမှုတွင် ဦးစွာ ပညာရေးမြှင့်တင်မှုကော်မတီအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက တစ်ဦးချင်းမိတ်ဆက်ပြီးနောက် ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာလှတင့်က ကော်မတီ၏ လုပ်ငန်းတာဝန်များ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် အစီအမံများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက “တည်ဆဲဥပဒေများအနက် ပညာရေးမြှင့်တင်မှု ကော်မတီနှင့် သက်ဆိုင်သည့်ဥပဒေ ကိုးခုရှိပြီး ကော်မတီအနေဖြင့် အဆိုပါဥပဒေများပြင်ဆင်နိုင်ရေး ပြန်လည်သုံးသပ်ပြီး ဦးစားပေးအဆင့်အလိုက် ဆောင်ရွက်သွားရမည် ဖြစ် ကြောင်း၊ အဆိုပါဥပဒေများအနက် ၂၀၁၄ ခုနှစ်၊ အမျိုးသားပညာရေးဥပဒေကို ဦးစားပေးပြန်လည်သုံးသပ်ပြီး လက်ရှိအခြေအနေနှင့် ကိုက်ညီသည့်ပညာရေးဥပဒေတစ်ရပ်ဖြစ်အောင် အလေးထားလုပ်ဆောင်သွားရမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပညာရေးနှင့်ပတ်သက်၍ နိုင်ငံတော်အနေဖြင့် ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ကြားနိုင်ရေးအတွက် ဦးစားပေးဆောင်ရွက်လျက်ရှိပြီး ကျောင်းပြင်ပ ပညာရေးနှင့်ကင်းကွာနေသူများကိုလည်း ပညာဆက်လက်သင်ကြားနိုင်ရန်အတွက် School Survey များ ကောက်ယူနိုင်ရေး လွှတ်တော်အနေဖြင့် မေးခွန်းများ မေးမြန်းခြင်း၊ အဆိုများတင်သွင်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် ပညာရေးနှင့် လုပ်ငန်းခွင်ဆက်စပ်မှုဖြစ်စေပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အမှန်တကယ်လိုအပ်နေသည့် နည်းပညာ၊ သက်မွေး (Technical and Vocational Education and Training – TVET) ဖွံ့ဖြိုးတိုးတက်လာစေရန် ဝိုင်းဝန်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ပညာရေးမြှင့်တင်မှုကော်မတီအနေဖြင့် ဆရာ ဆရာမများ၏ ခံစားခွင့်များနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ကျောင်းတွင်းအကြမ်းဖက်မှုများနှင့်ပတ်သက်၍လည်းကောင်း အားလုံးလွှမ်းခြုံနိုင်သည့် ဥပဒေများပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်နေသည်ကို သိရ၍ ဝမ်းသာပါကြောင်း၊ မိမိတို့ လွှတ်တော်အနေဖြင့် ပညာရေးအခန်းကဏ္ဍ အရွေ့တစ်ခုသို့ရောက်အောင် နိုင်ငံတော်နှင့်အတူ ဝိုင်းဝန်းဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပြီး ပညာရေးမြှင့်တင်မှုကော်မတီအနေဖြင့် လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေအရပ်ရပ်အပေါ်သုံးသပ်၍ အသိမ်မွေ့ဆုံးနည်းလမ်းများဖြင့် အကောင်းဆုံးဆောင်ရွက်သွားကြစေလိုကြောင်းပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြောကြားခဲ့သည်။
ထို့အပြင် ပညာရေးမြှင့်တင်မှုကော်မတီအနေဖြင့် ကော်မတီ၏ ရည်ရွယ်ချက်များ၊ ရှေ့လုပ်ငန်းစဉ်များနှင့် မဟာဗျူဟာရည်မှန်းချက်များအား အသေးစိတ် ပြင်ဆင်ထားသည်ကိုတွေ့ရှိရပြီး မိမိတို့လွှတ်တော်၏ လုပ်ငန်းစဉ်များသည် ကျယ်ပြန့်သဖြင့် ကော်မတီများအနေဖြင့် လွှတ်တော်ကို အထောက်အကူပြုနိုင်ရေးအတွက် မျှော်မှန်းဆောင်ရွက်ကြရမည်ဖြစ်ကာ ကော်မတီများသည် လွှတ်တော်၏ ဒေါက်တိုင်များဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ထပ်မံပြောကြားခဲ့ကြောင်း သိရသည်။
