သက်တံ့
၈. ၇. ၂၀၂၆
မြန်မာနိုင်ငံဘက်ခြမ်း တိုက်ပွဲများအတွင်းမှ ကျည်ဆန်များ ထိုင်းနိုင်ငံဘက်ရှိ နေအိမ် ၃ လုံးပေါ်သို့ ကျရောက်ထိမှန်ခဲ့သလို မော်တာစိန်ပြောင်းကျည်တစ်လုံးမှာလည်း အခြားမြေကွက်တစ်ခုအတွင်း ကျရောက်ခဲ့ပြီးနောက် ထိုင်းစစ်တပ်က တာ့ခ်ခရိုင် မဲဆောက်နယ်စပ်တွင် စစ်အင်အား ဖြည့်တင်းမှုများ ပြုလုပ်ခဲ့သည်။
အဆိုပါ တိုက်ပွဲများသည် ထိုင်းနိုင်ငံ ဟွေ့မဟာဝန်းကျေးရွာနှင့် မျက်နှာချင်းဆိုင်ရှိ မြဝတီမြို့ မင်းလက်ပံကျေးရွာအနီးတွင် မြန်မာ့တပ်မတော်နှင့် အကြမ်းဖက် KNU/ KNLA နှင့် PDF ပူးပေါင်းတပ်များအကြား ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ တိုက်ပွဲများ တစ်ညလုံး ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေသဖြင့် ဒေသခံများသည် ညတွင်းချင်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခိုလှုံခဲ့ကြရသည်။
သို့သော် ထိုင်းကျေးရွာဘက်တွင်မူ ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း သိရသည်။
လက်ရှိတွင် နရဲစွမ်စစ်ဆင်ရေးတပ်ဖွဲ့ (Naresuan Task Force) က ထပ်မံဖြည့်တင်းထားသည့် စစ်သည်အင်အားများနှင့် လက်နက်တပ်ဆင်ထားသော ဟမ်းဗီး (Humvee) စစ်ကားများကို နယ်စပ်တစ်လျှောက် ချထားခဲ့ပြီး ထိုင်းပိုင်နက်အတွင်းသို့ လက်နက်ကြီးကျည်များ ထပ်မံကျရောက်လာပါက သတိပေးပစ်ခတ်မှုများ ပြုလုပ်ရန်နှင့် လိုအပ်ပါက တုံ့ပြန်မှုအဆင့် တိုးမြှင့်ဆောင်ရွက်ရန် ထိုင်းတပ်ဖွဲ့များဘက်က အသင့်ပြင်ဆင်ထားကြောင်း ပြောကြားခဲ့သည်။
Ref: Thai Enquirer



