သက်တံ့
၈. ၇. ၂၀၂၆
ထိုင်းနိုင်ငံ၊ ဖိဆနူလုပ် (Phitsanulok) မြို့ရှိ ဟိုတယ်တစ်ခုတွင် ဗြိတိန်နိုင်ငံသူ ဆင်ဘေးမဲ့တောလုပ်သားတစ်ဦး တိုက်ခိုက်ခံရပြီး မုဒိမ်းကျင့်ခံရသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ရာ အဆိုပါ အမျိုးသမီးမှာ ဦးနှောက်သွေးယိုစီးမှုဒဏ်ရာဖြင့် ဆေးရုံတင်ထားရသလို တိုက်ခိုက်မှုနှင့်ပတ်သက်၍ ထိုင်းနိုင်ငံသား ဘားဝန်ထမ်း (Bar host) အမျိုးသားတစ်ဦးကို လက်ရှိတွင် ဖမ်းဆီး တရားစွဲဆိုထားကြောင်း သိရသည်။
ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ တရားခံဟုဆိုသည့် အသက် ၂၆ နှစ်အရွယ် ဖတ်သာရာဖွန်း ဝေါင်ဘွန်ဂမ် (Phattharaphon Wongbuangam) နှင့် အသက် ၃၅ နှစ်အရွယ် အဆိုပါ ဗြိတိန်အမျိုးသမီးတို့သည် ပြီးခဲ့သည့် ဇွန်လ ၆ ရက်နေ့ နံနက်အစောပိုင်းက ဖိဆနူလုပ်ရှိ ဟိုတယ်တစ်ခုတွင် နားနေရန် အခန်းယူခဲ့ကြသည်။ ထိုအမျိုးသမီးက စွပ်စွဲခံရသူ၏ လိင်ဆက်ဆံရန်တောင်းဆိုမှုကို ငြင်းပယ်ခဲ့ပြီးနောက် တိုက်ခိုက်မုဒိမ်းကျင့်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က စွပ်စွဲထားသည်။


အဆိုပါအမျိုးသမီးသည် ၎င်းအား တိုက်ခိုက်သူကို ခုခံတွန်းလှန်စဉ် ပြင်းထန်သော ဒဏ်ရာများရရှိခဲ့ပြီးနောက် အကူအညီတောင်းခံရန် ဟိုတယ်ဧည့်ကြိုဌာန (Reception) သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။ ဟိုတယ်ဝန်ထမ်းများက အမျိုးသမီးတွင် မျက်လုံးညိုမည်းကွက်ခြင်း အပါအဝင် ဖူးရောင်ညိုမည်းဒဏ်ရာများနှင့် ဦးနှောက်သွေးယိုစီးမှု ဖြစ်ပွားနေသည်ကို တွေ့ရှိရသဖြင့် ရဲတပ်ဖွဲ့နှင့် အရေးပေါ်လူနာတင်ယာဉ်အဖွဲ့ကို ခေါ်ယူပေးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။
သူမကို ဖိဆနူလုပ် ဘန်ကောက်ဆေးရုံ (Bangkok Hospital Phitsanulok) သို့ ပို့ဆောင်ခဲ့ပြီး ဦးနှောက်သွေးယိုစီးမှုအတွက် ခွဲစိတ်ကုသမှု ခံယူခဲ့ရသည်။ ရဲတပ်ဖွဲ့ဝင်များ မရောက်ရှိမီ မုဒိမ်းကျင့်သူသည် ဟိုတယ်မှ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ ရဲတပ်ဖွဲ့သည် ဘန်ကောက်မြို့သို့ ထွက်ပြေးသွားသည်ဟု ယူဆရသည့် စွပ်စွဲခံရသူကို လိုက်လံရှာဖွေခဲ့သည်။ စုံစမ်းစစ်ဆေးရေးမှူးများက စီစီတီဗွီ (CCTV) မှတ်တမ်းများကို အသုံးပြု၍ ၎င်းဖြတ်သန်းသွားလာခဲ့သည့် ခရိုင်များကို ခြေရာခံခဲ့ကြသည်။
ထိုသို့ ရှာဖွေပြီးနောက် မုဒိမ်းတရားခံကို ဇူလိုင်လ ၄ ရက် (စနေနေ့) ည ၁၀:၃၀ အချိန်တွင် ဖိဆနူလုပ်မြို့၌ပင် ဘတ်စ်ကားပေါ်မှအဆင်းတွင် ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးရမိချိန်၌ ၎င်းသည် တိုက်ခိုက်မုဒိမ်းကျင့်မှုဖြစ်ပွားခဲ့သည့်နေ့က ဝတ်ဆင်ထားသော အဝတ်အစားများကိုပင် ဝတ်ဆင်ထားဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

မူအန်ဖိဆနူလုပ်ရဲစခန်းမှ ရဲဗိုလ်ကြီး ချာနာနန် ချိုင်ကာဝင် (Chananan Chaikawin) က စွပ်စွဲခံရသူအား ကိုယ်ထိလက်ရောက် ကျူးလွန်မှု၊ ပြင်းထန်စွာ နာကျင်စေမှုနှင့် မုဒိမ်းမှုတို့ဖြင့် တရားစွဲဆိုထားကြောင်း ပြောကြားခဲ့သည်။
ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ အဆိုပါအမျိုးသမီးသည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၉ ရက်နေ့တွင် သက်တမ်းတစ်နှစ်ရှိ (၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၁၉ ရက်အထိ သက်တမ်းရှိသော) အလုပ်ဗီဇာဖြင့် ထိုင်းနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး တိုက်ခိုက်မခံရမီအချိန်အထိ ဆင်ဘေးမဲ့တောတစ်ခုတွင် လုပ်ကိုင်နေသူဖြစ်ကြောင်း ရဲတပ်ဖွဲ့ကို ပြောပြခဲ့သည်။
“တိုင်ကြားသူဟာ ထိုင်းနိုင်ငံကို ကမ္ဘာလှည့်ခရီးသွားအနေနဲ့ လာတာမဟုတ်ဘဲ အလုပ်လုပ်ဖို့ လာတာပါ။ သူမက ဆပ်ပရိုင်ဝမ် ဆင်အပန်းဖြေစခန်း (Sappraiwan Elephant Resort) မှာ ဆင်ထိန်းသိမ်းစောင့်ရှောက်သူအဖြစ် လုပ်ကိုင်နေတာ ဖြစ်ပါတယ်။” ဟု ချိုင်ကာဝင်က ပြောသည်။
၎င်းက ဆက်လက်ပြောကြားရာတွင် စွပ်စွဲခံရသူသည် လက်နက်ကို အသုံးမပြုခဲ့သော်လည်း တိုင်ကြားသူအား လက်သီးဖြင့်ထိုးခြင်း၊ ခြေထောက်ဖြင့်ကန်ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း ဆိုသည်။
လက်ရှိတွင် အဆိုပါအမျိုးသမီးသည် ဆေးရုံမှ ဆင်းခွင့်ရရှိသွားပြီဖြစ်သော်လည်း ဆေးဘက်ဆိုင်ရာ စောင့်ကြည့်စစ်ဆေးမှုအောက်တွင် ရှိနေဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ စွပ်စွဲခံရသူကိုမူ ဖမ်းဆီးမိချိန်မှစ၍ ချုပ်နှောင်ထားကြောင်း The Sun သတင်းစာက ဖော်ပြခဲ့သည်။
တိုက်ခိုက်မုဒိမ်းကျင့်မှုဖြစ်စဉ်အတွက် ဗြိတိန်သံရုံးသို့ အကြောင်းကြားထားပြီးဖြစ်ကြောင်းနှင့် အမျိုးသမီး၏ ဆွေမျိုးများအား စုံစမ်းစစ်ဆေးမှုနှင့် ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်မှုများတွင် ကူညီပေးနိုင်ရန် စကားပြန်တစ်ဦး စီစဉ်ပေးမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
Ref : Thaiger
