၈.၇.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ နယူးယော့ခ်မြို့တွင် Grand Central ရထားဘူတာနှင့် အထင်ကရ Chrysler အဆောက်အအုံအနီး တည်ရှိသောဆောက်လုပ်ဆဲ အထပ်မြင့်အဆောက်အအုံတစ်ခုသည် တိုင်များ ကွေးညွှတ်နေမှုနှင့် ကြမ်းခင်းများ တွဲကျနေခြင်းကြောင့် မတည်မငြိမ်ဖြစ်လာပြီးနောက် ထိုအဆောက်အအုံနှင့် အနီးတစ်ဝိုက်ရှိ အဆောက်အအုံများကို ဇူလိုင်လ ၇ ရက်တွင် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။
နယူးယောက်မြို့ မီးသတ်ဦးစီးချုပ်က ၃၇ ထပ်အဆောက်အအုံ၏ ကွေးညွှတ်နေသော တိုင်များကို တွေ့ရှိပြီးနောက် အဆိုပါ Midtown Manhattan အဆောက်အအုံသည် ပြိုကျနိုင်သည့် အန္တရာယ်ရှိကြောင်း ပြောကြားခဲ့သည်။ အဆောက်အအုံ၏ ၂၁ ထပ်နှင့် ၂၂ ထပ်တွင် ပြိုကျနေသော တိုင်နှစ်တိုင်ကို တွေ့ရှိခဲ့သည့်အပြင် ၂၁ ထပ်နှင့် ၂၆ ထပ်ကြားတွင် ကြမ်းပြင်များ တွဲလောင်းကျနေသည်ကိုပါ တွေ့ခဲ့ကြသည်ဟု သိရသည်။

ထင်ရှားသော Grand Central ဘူတာအနီးတွင် တည်ရှိသော ၁၉၇၀ ပြည့်နှစ်များခေတ်က ရုံးခန်းအဆောက်အအုံကို လက်ရှိတွင် ဇိမ်ခံတိုက်ခန်းတွဲများအဖြစ် ပြုပြင်မွမ်းမံတည်ဆောက်နေခြင်း ဖြစ်သည်။
နယူးယော့ခ်မြို့တော်ဝန် ဇိုရန် မမ်ဒါနီက “အဆောက်အအုံရဲ့ တိုင်နှစ်ခု ကျိုးကျနေပြီး အက်ကွဲကြောင်းများစွာနဲ့ ကြမ်းပြင်တွေ တွဲကျနေတာလည်း တွေ့ရတယ်။ အဆောက်အအုံကလည်း မတည်မငြိမ် ဖြစ်နေတုန်းပဲ။ အဆောက်အအုံကို ရောက်ရှိပြီးတဲ့နောက် ပျက်စီးနေတဲ့ တိုင်တစ်ခုမှာ နောက်ထပ် လှုပ်ရှားမှုတွေဖြစ်လာတာကိုပါ ကျွန်တော်တို့ မြင်တွေ့ခဲ့ရတယ်” ဟု ပြောကြားခဲ့သည်။
မမ်ဒါနီက “ဒါက အလွန်ဆိုးရွားတဲ့ အခြေအနေပါ” ဟု ထပ်လောင်းပြောကြားပြီး အဆောက်အအုံတွင် ထိခိုက်ဒဏ်ရာရသူ မရှိကြောင်းနှင့် အလုပ်သမားအားလုံးကိုလည်း ကယ်ဆယ်ထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဘေးလွတ်ရာသို့ပြောင်းရွှေ့ခံရသူများတွင် အနီးနားရှိကျောင်းမှ ကျောင်းသား ၄၀၀ ခန့်ပါဝင်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

နယူးယောက်မြို့တော်ဝန် မမ်ဒါနီ က အရှေ့ ၄၂ လမ်း၊ အမှတ် ၂၃၅ ရှိ မတည်မငြိမ်ဖြစ်နေသော အဆောက်အအုံနှင့် အနီးတစ်ဝိုက်ရှိ အဆောက်အအုံများမှ ပြည်သူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း ပြောကြားခဲ့သည်။ ၎င်းက စီမံကိန်းအင်ဂျင်နီယာသည် အဆောက်အအုံကို ခိုင်ခံ့စေရန် အစီအစဉ်များ ရေးဆွဲရန် ဖွဲ့စည်းပုံအင်ဂျင်နီယာများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်းလည်း ပြောကြားခဲ့သည်။
အဆောက်အအုံကို ခိုင်ခံ့စေရန် အရေးပေါ်ထောက်တိုင်များနှင့် ထုပ်များကို ယူဆောင်လာနေကြောင်း အရာရှိများက ပြောကြားခဲ့သည်။
အဆောက်အအုံ၏ သံမဏိဘောင်တည်ဆောက်မှုကြောင့် လုံးဝပြိုကျမှုမျိုးမဟုတ်ဘဲ အတွင်းပိုင်းပြိုကျမှုတစ်ခုသာဖြစ်လိမ့်မည် ဟု မီးသတ်ဦးစီးချုပ် ဂျွန် အက်စ်ပို ဆီတိုက ပြောကြားခဲ့သည်။
“ကြိုတင်ကာကွယ်မှုအနေနဲ့ လူအများအပြားကို ဘေးလွတ်ရာကို ကျွန်တော်တို့ ရွှေ့ပြောင်းခဲ့ရပြီး နယူးယောက်သားတွေအနေနဲ့ သူတို့ ဘေးကင်းတယ်လို့ ကျွန်တော်တို့ အပြည့်အဝ ယုံကြည်တဲ့အခါ ဒီအဆောက်အဦတွေထဲ ပြန်လည်ဝင်ရောက်ခွင့် ရရှိမှာပါ” ဟု မြို့တော်ဝန်က ပြောကြားခဲ့သည်။
Ref- DW News
