၈.၇.၂၀၂၆
Translated by Htwe Ko Tun
ဟော်မုဇ်ရေလက်ကြားအတွင်း ဖြတ်သန်းသွားလာနေတဲ့ စီးပွားဖြစ်သင်္ဘောသုံးစင်းကို အီရန်နိုင်ငံက ပစ်ခတ်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် တုံ့ပြန်တဲ့အနေနဲ့ ဇူလိုင်လ ၇ ရက်မှာ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ အမေရိကန်စစ်တပ်က ပြောကြားခဲ့ပါတယ်။
တစ်ချိန်တည်းမှာ အမေရိကန်အစိုးရက အီရန် ရေနံရောင်းချမှုအပေါ် ပိတ်ဆို့မှုတွေ ပြန်လည်ပြုလုပ်ခဲ့ပါတယ်။
ထိခိုက်ဒဏ်ရာရရှိမှု သတင်းတွေ မရရှိသေးပေမယ့်အီရန်တောင်ပိုင်းဒေသမှာ ပေါက်ကွဲမှုအသစ်တွေ ဖြစ်ပွားခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။
လေကြောင်းကာကွယ်ရေးစနစ်တွေ၊ သင်္ဘောဖျက်ခရုဇ်ဒုံးကျည်တွေနဲ့ ဒရုန်းလွှတ်တင်တဲ့နေရာတွေ အပါအဝင် စစ်ဘက်ဆိုင်ရာနေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ Reuters သတင်းဌာနက အမေရိကန်အရာရှိတစ်ဦးရဲ့ ပြောကြားချက်ကို ကိုးကားဖော်ပြခဲ့ပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေကို တုံ့ပြန်ခဲ့ပြီး အမေရိကန်အစိုးရဟာ နှစ်နိုင်ငံကြား သဘောတူထားတဲ့ နားလည်မှုစာချွန်လွှာကို အကြိမ်ကြိမ်ချိုးဖောက်တယ်လို့ အပြစ်တင်ခဲ့ပါတယ်။
ဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ “အီရန်သည် အမေရိကန်၏ စာချုပ်ချိုးဖောက်မှု၏ အကျိုးဆက်များနှင့် ပတ်သက်၍ ပြင်းထန်သောသတိပေးချက်ထုတ်ပြန်နေပြီး ၎င်း၏အကျိုးစီးပွားနှင့် အမျိုးသားလုံခြုံရေးကို ကာကွယ်ရန် ဆုံးဖြတ်ချက်ချမည့် အစီအမံများ လုပ်ဆောင်သွားပါမည်” လို့ ဖော်ပြခဲ့တယ်လို့ နိုင်ငံပိုင် IRIB သတင်းဌာနက ကိုးကားဖော်ပြခဲ့ပါတယ်။
အီရန်ရှိ သတင်းတွေအရ Qeshm ကျွန်းမှာ ပေါက်ကွဲမှုတွေကို ကြားခဲ့ရပြီး Sirik မြို့မှာ ပေါက်ကွဲမှုခုနစ်ကြိမ်ကြားခဲ့ရတယ်လို့ ဆိုကြပါတယ်။ အီရန်တောင်ပိုင်းဆိပ်ကမ်းမြို့ Bandar Abbas မှာလည်း ပေါက်ကွဲမှုတွေကို ကြားခဲ့ရတယ်လို့ သတင်းတွေက ဆိုကြပါတယ်။
Ref- Reuters
