သတိုး
၄. ၇. ၂၀၂၆
ထိုင်းနိုင်ငံ၊ မုခ်ဒါဟန်ပြည်နယ် (Mukdahan) အုပ်ချုပ်ရေးမှူးက ဗုဒ္ဓဘာသာ သံဃာတော် ၁၀ ပါး ပျံလွန်တော်မူခဲ့ရသည့် ယာဉ်တိုက်မှုတွင် ပါဝင်ခဲ့သော ပစ်ကပ်ကားသည် သက်တမ်းရှိသေးသည့် အာမခံထားရှိထားပြီး၊ အဆိုပါ အာမခံ၏ လျော်ကြေးပြန်လည်ပေးအပ်မည့်ပမာဏမှာ ဘတ် သန်း ၂၀ ခန့် (အမေရိကန်ဒေါ်လာ ၅၅၂,၀၀၀ ခန့်) ရှိကြောင်း အတည်ပြုပြောကြားခဲ့သည်။
အဆိုပါ ယာဉ်တိုက်မှုသည် မုခ်ဒါဟန်ပြည်နယ်၊ မူအန်းခရိုင်၊ ဘန်နစီနွမ် (Ban Na Si Nuan) ဒေသရှိ ဟွိုင်ဆင် (Huai Sing) အဝင်ဝအနီး ပင်မလမ်းမကြီး၏ အဝင်လမ်းပိုင်းတွင် ဇူလိုင် ၂ ရက် မွန်းလွဲပိုင်းအချိန် ၁ နာရီ ၅၅ မိနစ်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ဓူတင် (Dhutanga) ဒေသစာရီ ကြွချီနေသည့် ရဟန်းသံဃာတော်အဖွဲ့ကို ပစ်ကပ်ကားတစ်စီးက အရှိန်ပြင်းစွာ ဝင်ရောက်တိုက်မိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဒေသစာရီကြွချီသည့် အဖွဲ့တွင် သာသနာရေးဆိုင်ရာ ဝတ်ပြုကိစ္စရပ်များ ဆောင်ရွက်ရန် ခြေကျင်ကြွချီလာကြသည့် ရဟန်းသံဃာတော် ၃၄ ပါးနှင့် ကပ္ပိယ ၅ ဦးတို့ ပါဝင်သည်။ ယာဉ်တိုက်မှုကြောင့် သံဃာတော် ၅ ပါးမှာ အခင်းဖြစ်ပွားရာနေရာ၌ပင် ပျံလွန်တော်မူခဲ့ပြီး၊ ကျန် ၅ ပါးမှာ မုခ်ဒါဟန်ဆေးရုံ၌ ဆေးကုသမှုခံယူရင်း ထပ်မံပျံလွန်တော်မူခဲ့ရသဖြင့် စုစုပေါင်း ပျံလွန်တော်မူသည့် သံဃာတော်အရေအတွက် ၁၀ ပါးအထိ ရှိခဲ့သည်။ ထို့အပြင် သံဃာတော် ၁၀ ပါးမှာ ဆက်လက်ကုသနေရဆဲဖြစ်ပြီး ၂ ပါးမှာ စိုးရိမ်ရအခြေအနေတွင် ဆက်ရှိနေသည်။
ကယ်ဆယ်ရေးအဖွဲ့များသည် သတင်းရရှိပြီး ၁၀ မိနစ်အတွင်း အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိလာခဲ့ကာ ဒဏ်ရာရရှိသူများနှင့် ပျံလွန်တော်မူသွားသည့် သံဃာတော်များ၏ ရုပ်ကလာပ်များကို ဆေးရုံသို့ ချက်ချင်း ပို့ဆောင်ပေးခဲ့သည်။ ယာဉ်တိုက်မှုမှ သက်တော်ဘေးလွတ်ခဲ့သည့် သံဃာတော်များကိုမူ မိမိတို့၏ နေရပ်ပြည်နယ်များသို့ ပြန်လည်ကြွချီနိုင်ရန် စီစဉ်နေစဉ်အတွင်း ဝပ်ရွိုင်းဖရဖုဒ်သဘတ် ဖူမနိုရမ် (Wat Roi Phra Phutthabat Phu Manorom) ဘုန်းတော်ကြီးကျောင်းတွင် ခေတ္တသီတင်းသုံး နားနေစေခဲ့သည်။

ရဲတပ်ဖွဲ့သည် ကားမောင်းနှင်သူဖြစ်သည့် အသက် ၁၁ နှစ်အရွယ် အရွယ်မရောက်သေးသည့် ယောကျ်ားလေးကို ဖမ်းဆီးထိန်းသိမ်းထားပြီး၊ သံသယရှိသူ၏ အသက်အရွယ်အရ ယခုအမှုကို ကြီးကြပ်စစ်ဆေးရန် သက်ဆိုင်ရာ တာဝန်ရှိသူများကို တာဝန်ပေးအပ်ထားသည်။
နာရေးနှင့် ဒဏ်ရာရရှိမှု နစ်နာကြေးပေးလျော်မည့် ကိစ္စနှင့် ပတ်သက်၍ ယာဉ်တိုက်မှုဖြစ်ပွားချိန်တွင် အဆိုပါ ပစ်ကပ်ကား၏ အာမခံမူဝါဒမှာ သက်တမ်းကုန်ဆုံးခြင်း မရှိသေးဘဲ ဘတ် သန်း ၂၀ ခန့်အထိ ကာမိသည့် အာမခံလျော်ကြေးကို နစ်နာသူသံဃာတော်များနှင့် မိသားစုဝင်များထံ ပေးအပ်သွားမည်ဖြစ်ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူးက အတည်ပြုခဲ့သည်ဟု Amarin TV တွင် ဖော်ပြထားသည်။
Ref: Amarin TV & Thaiger
