သက်တံ့
၄. ၇. ၂၀၂၆
မြန်မာနိုင်ငံမှ ဘင်္ဂါလီရွှေ့ပြောင်းဒုက္ခသည်များအတွက် ထိုင်းနိုင်ငံသား အထောက်အထား စာရွက်စာတမ်းများကို တရားမဝင်ရယူပေးနေသည့် ကွန်ရက်တစ်ခုကို အကြီးအကျယ် နှိမ်နင်းခဲ့ရာ လူ ၁၁ ဦးကို ဖမ်းဆီးရမိထားပြီး ကျန်ရှိနေသူများကိုလည်း ဆက်လက်ရှာဖွေနေကြောင်း အာဏာပိုင်များက စနေနေ့ (ဇူလိုင်လ ၄ ရက်) တွင် ပြောကြားခဲ့သည်။
ဖမ်းဆီးခံရသူများတွင် ပြစ်မှုအများစု ဖြစ်ပွားခဲ့ရာ ဆူရတ်ဌာနီပြည်နယ် (Surat Thani) မှ ခရိုင်အဆင့် အရာရှိဟောင်းတစ်ဦးလည်း ပါဝင်သည်။ ၎င်းသည် လက်ရှိတွင် နခွန်စီထာမရတ်ပြည်နယ် (Nakhon Si Thammarat)၊ ခနွမ်ခရိုင် (Khanom) ၏ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။
ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးအရာရှိများ၊ ပြည်တွင်းအုပ်ချုပ်ရေးဦးစီးဌာန (DOPA) နှင့် အခြားအေဂျင်စီများမှ တာဝန်ရှိသူများသည် ယနေ့တွင် ပူးပေါင်းစစ်ဆင်ရေးကို ဆောင်ရွက်ခဲ့ကြသည်။ အာဏာပိုင်များသည် ဖမ်းဝရမ်း ၁၇ စောင်ဖြင့် ဆူရတ်ဌာနီ (ကော့စမွီနှင့် ခေါ့ဖငန် အပါအဝင်)၊ နခွန်စီထာမရတ်၊ ရနောင်း၊ ကရာဘီ၊ ဆောင်ခလာနှင့် ဘူရီရမ် ပြည်နယ်များရှိ နေရာပေါင်း ၁၃ နေရာကို တစ်ပြိုင်နက်တည်း ဝင်ရောက်ရှာဖွေ ခဲ့ကြသည်။
ဖမ်းဝရမ်းထုတ်ခံရသူများထဲတွင် ဆူရတ်ဌာနီပြည်နယ် ဒွန်းဆက်ခရိုင် (Don Sak) ၏ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦး၊ ခရိုင်ဝန်ထမ်းဟောင်းတစ်ဦး၊ ဘင်္ဂါလီများကို အိမ်ထောင်စုစာရင်းသွင်းရန် ထောက်ခံပေးခဲ့သည့် အိမ်ပိုင်ရှင် ၃ ဦးနှင့် တရားမဝင် ကတ်ပြားရယူခဲ့သည့် ဘင်္ဂါလီရွှေ့ပြောင်းအခြေချသူ ၁၂ ဦးတို့ ပါဝင်သည်။ လက်ရှိတွင် သံသယရှိသူ ၆ ဦးမှာ လွတ်မြောက်နေဆဲ ဖြစ်သည်။

အဆိုပါစုံစမ်းစစ်ဆေးမှုသည် “သုညအစပြုသည့် အထောက်အထားကတ်ပြား” (၁၃ လုံးပါ ID နံပါတ်၏ ရှေ့ဆုံးတွင် ၀ ဖြင့် စတင်သည့်ကတ်များ) ကို တရားမဝင်ထုတ်ပေးသည့် လိမ်လည်မှုအပေါ် ပစ်မှတ်ထားခြင်းဖြစ်သည်။ အဆိုပါကတ်ပြားများကို ထိုင်းနိုင်ငံသားမဟုတ်သူများ၊ နိုင်ငံမဲ့သူများ သို့မဟုတ် နိုင်ငံအတွင်း တရားဝင်နေထိုင်ခွင့်ပြုထားသည့် တိုင်းရင်းသားလူနည်းစုများအတွက် ထုတ်ပေးလေ့ရှိပြီး ၎င်းတို့အား တရားဝင်ရပ်တည်ခွင့်၊ အစိုးရဝန်ဆောင်မှုများနှင့် အခြေခံကျန်းမာရေးစောင့်ရှောက်မှုများကို ရရှိစေရန် ရည်ရွယ်ထုတ်ပေးခြင်း ဖြစ်သည်။
ဖမ်းဆီးခံရသူများသည် ရာထူးအာဏာကို အလွဲသုံးစားလုပ်မှု၊ အစိုးရစာရွက်စာတမ်းအတု ပြုလုပ်မှု၊ အချက်အလက်အမှားများကို မှန်ကန်ကြောင်း ထောက်ခံမှုနှင့် အိမ်ထောင်စုစာရင်းအပါအဝင် အခြားလူဦးရေမှတ်ပုံတင်စာရွက်စာတမ်းများတွင် တရားမဝင် လူစာရင်းသွင်းပေးမှု စသည့်စွဲချက်များနှင့် ရင်ဆိုင်နေရသည်။
စစ်ဆင်ရေးကို ဦးဆောင်ခဲ့သည့် အမျိုးသားရဲတပ်ဖွဲ့ ဒုတိယရဲချုပ် ရဲဗိုလ်ချုပ်ကြီး ဆမ်ရမ် နူအလ်မာက “ဒီနှစ်ဆန်းပိုင်းမှာ ဘင်္ဂါလီတွေဟာ ဆူရတ်ဌာနီပြည်နယ် ဒွန်းဆက်ခရိုင်ရုံးကတစ်ဆင့် ကတ်ပြားတွေကို တရားမဝင် ရယူနေကြတယ်ဆိုတဲ့ တိုင်ကြားချက်တွေကြောင့် စုံစမ်းစစ်ဆေးမှုကို စတင်ခဲ့တာဖြစ်ပါတယ်” ဟု ပြောသည်။
ထို့နောက် ပြည်တွင်းအုပ်ချုပ်ရေးဦးစီးဌာန၏ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးခဲ့ရာတွင် ဖိုင်ရတ် (Phairat – မျိုးရိုးအမည် ချန်လှပ်ထား) ဟု အမည်ရသည့် ဒွန်းဆက်ခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးဟောင်းသည် အခြားသူများနှင့် ပူးပေါင်းကာ ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း လူပေါင်း ၂၄၀ အထိ သုညအစပြုကတ်ပြားများ ထုတ်ပေးခဲ့ကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။ ဤတွေ့ရှိချက်ကြောင့် ရဲတပ်ဖွဲ့နှင့် ပူးပေါင်းကာ ပိုမိုကြီးမားသော ရာဇဝတ်ဂိုဏ်းကို ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ရဲဗိုလ်ချုပ်ကြီး ဆမ်ရမ်က ဆိုသည်။
ရဲဗိုလ်ချုပ်ကြီး ဆမ်ရမ်၏ အဆိုအရ ထိုင်းနိုင်ငံတွင် အိမ်ထောင်စုမှတ်ပုံတင် လိမ်လည်မှုသည် နည်းလမ်းမျိုးစုံရှိကြောင်း၊ ယင်းတို့အထဲတွင် ကွယ်လွန်သူ သို့မဟုတ် စာရင်းပျောက်နေသူများ၏ အထောက်အထားကို ခိုးယူခြင်း၊ မွေးစာရင်းအတု ပြုလုပ်ခြင်း၊ အိမ်ထောင်ရေးအတု ပြုလုပ်ခြင်းနှင့် ပညာရေးအခွင့်အရေးများကို အလွဲသုံးစားလုပ်ခြင်းတို့ ပါဝင်သည်။ သို့သော်လည်း ယခု ဒွန်းဆက်ခရိုင်အမှုသည် အမျိုးသားလုံခြုံရေးကို ထိခိုက်စေနိုင်သည့် သက်ရောက်မှုများရှိသောကြောင့် အထူးပင်စိုးရိမ်ရသည့် အခြေအနေဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

အဆိုပါကတ်ပြားရယူသူ အများစုသည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ လာသူများဖြစ်ပြီး၊ လူကုန်ကူးမှုကွန်ရက်များ သို့မဟုတ် နယ်စပ်ကို တရားမဝင် ဖြတ်ကျော်ကာ ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်လာပြီးနောက် နိုင်ငံတွင်း ဆက်လက်နေထိုင်နိုင်ရန်အတွက် အထောက်အထားစာရင်းသွင်းရန် ကြိုးပမ်းခဲ့ကြခြင်းဖြစ်သည်ဟု ယူဆရသည်။
စုံစမ်းစစ်ဆေးမှုများအရ ယခုဂိုဏ်းတွင် အဓိကအဖွဲ့ ၂ ဖွဲ့ ခွဲထားသည်။ ပထမအဖွဲ့မှာ ပွဲစားများဖြစ်ပြီး ၎င်းတို့သည် နိုင်ငံခြားသားများကို မိမိတို့အိမ်ထောင်စုစာရင်းထဲတွင် ထည့်သွင်းပေးရန် သဘောတူသည့် အိမ်ပိုင်ရှင်များကို ရှာဖွေကာ တစ်ဦးလျှင် ဘတ် ၁,၀၀၀ မှ ၂,၀၀၀ အထိ ပေးဆောင်ခဲ့သည်။ ထို့နောက် အဆိုပါပွဲစားများသည် ဘင်္ဂါလီများထံမှ အထူးကတ်ပြားတစ်ခုရရှိရန်အတွက် တစ်ဦးလျှင် ဘတ် ၅၀,၀၀၀ အထိ တောင်းခံခဲ့ပြီး အနည်းဆုံး ဘတ် ၁၅ သန်းခန့် လက်ပြောင်းလက်လွှဲဖြစ်ခဲ့ကြောင်း သိရသည်။
ဒုတိယအဖွဲ့မှာ လာဘ်စားသော နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည်။ စုံစမ်းစစ်ဆေးသူများသည် ယခုစာရွက်စာတမ်းများ ထုတ်ပေးရာတွင် ကူညီပေးခဲ့သည့် မှတ်ပုံတင်အရာရှိတစ်ဦးနှင့် ခရိုင်အရာရှိတစ်ဦးတို့ကို ဖော်ထုတ်နိုင်ခဲ့သည်။
ရဲဗိုလ်ချုပ်ကြီး ဆမ်ရမ်က “တရားမဝင် ဝင်ရောက်လာသူတွေဟာ သုညအစပြုတဲ့ ကတ်ပြားကို ရရှိသွားပြီဆိုရင် ရဲတပ်ဖွဲ့အနေနဲ့ သူတို့ကို တရားမဝင် ဝင်ရောက်မှုနဲ့ အရေးယူဖို့ ခက်ခဲသွားပါတယ်။ ဘာလို့လဲဆိုတော့ ဒီကတ်ပြားက သူတို့ကို နိုင်ငံသားဖြစ်ခွင့် စိစစ်ဆဲအဆင့် စောင့်ဆိုင်းနေသူတွေအဖြစ် သတ်မှတ်ပေးလိုက်လို့ပါ” ဟု ပြောသည်။ ယင်းကတ်ပြားကြောင့် ၎င်းတို့သည် အခြေချနေထိုင်မှုများ ပြုလုပ်လာနိုင်ခြင်း၊ ခေါင်းဆောင်များ ခန့်အပ်လာနိုင်ခြင်းနှင့် ပိုမိုလုံခြုံစိတ်ချစွာဖြင့် လုပ်ငန်းဆောင်တာများ လုပ်ကိုင်လာနိုင်ခြင်းတို့ကို ဖြစ်ပွားစေသည်ဟု ဆိုသည်။
ထို့အပြင် စုံစမ်းစစ်ဆေးသူများ၏ အဆိုအရ အဆိုပါ ရွှေ့ပြောင်းဘင်္ဂါလီအသိုင်းအဝိုင်းအတွင်း ထိုင်းနိုင်ငံ၌အခြေပြုနေထိုင်နိုင်ရေးနှင့် စပ်လျဉ်းသည့် ခြိမ်းခြောက်ငွေညှစ်မှုများ၊ ပြန်ပေးဆွဲမှုများ၊ သေနတ်အသုံးပြုမှုများနှင့် ကိုယ်ထိလက်ရောက် ကျူးလွန်မှုများ ရှိခဲ့ကြောင်း သိရသည်။ ယင်းလုပ်ရပ်များသည် ပိုမိုကျယ်ပြန့်သော လူကုန်ကူးမှုလုပ်ငန်းများနှင့် ဆက်နွှယ်နေနိုင်ပြီး အဆိုပါဒေသများတွင် ပြင်းထန်သော ရာဇဝတ်မှုပြဿနာများကို ဖြစ်ပေါ်စေကြောင်း ရဲဗိုလ်ချုပ်ကြီး ဆမ်ရမ်က ပြောကြားခဲ့သည်။
လက်ရှိတွင် ပြည်နယ်အာဏာပိုင်များက ပတ်သက်ဆက်နွှယ်နေသည့် ဝန်ထမ်းများကို ဝန်ထမ်းအဖြစ်မှ ချက်ချင်းထုတ်ပယ်ရန် အမိန့်ပေးထားပြီး၊ သံသယဖြစ်ဖွယ်စာရင်းသွင်းထားသည့် အမည်စာရင်းပြင်ဆင်မှုအားလုံးကို ရပ်ဆိုင်းထားသည်။ တရားမဝင် ထုတ်ပေးထားကြောင်း စိစစ်တွေ့ရှိရသည့် ကတ်ပြားအားလုံးကိုလည်း စနစ်တကျ ပြန်လည်ရုပ်သိမ်းပြီး နိုင်ငံတော်အချက်အလက်ဘဏ် (Database) မှ ပယ်ဖျက်သွားမည်ဖြစ်သည်။
ထိုင်းနိုင်ငံတော်ရဲတပ်ဖွဲ့သည် ယခုစုံစမ်းစစ်ဆေးမှုကို ထိုင်းတောင်ပိုင်းတွင်သာမက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တရားမဝင် မှတ်ပုံတင်ပေးနေသည့် ကွန်ရက်များကို အမြစ်ပြတ်ချေမှုန်းရန် တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်သည်။ ရာထူးကို အလွဲသုံးစားလုပ်သည့် ပွဲစားများ၊ နိုင်ငံခြားသားများနှင့် ဝန်ထမ်းများအားလုံးကို ဥပဒေအရ ပြတ်ပြတ်သားသား အရေးယူသွားမည်ဟု ဒုတိယရဲချုပ်က ကတိပြုထားသည်။
ထို့အပြင် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးရုံး (AMLO) ကလည်း သံသယရှိသူများနှင့် ၎င်းတို့၏ ကြံရာပါများ၏ ငွေကြေးလွှဲပြောင်းမှုများကို စစ်ဆေးကာ၊ ငွေကြေးစီးဆင်းမှုလမ်းကြောင်းများကို လိုက်လံစုံစမ်းပြီး ၎င်းတို့၏ လုပ်ငန်းကွန်ရက်တစ်ခုလုံးကို လုံးဝပျက်စီးသွားစေရန် ပိုင်ဆိုင်မှုများကို သိမ်းဆည်းရန် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။
Ref: Bangkok Post
