၄.၇.၂၀၂၆
Written by Linn Eain
ဆွစ်ဇာလန်နိုင်ငံ Swiss Spine Fondation မှ ကျောရိုးခွဲစိတ်ဆရာဝန်ကြီးနှင့် ရန်ကုန်အရိုးရောဂါအထူးကုဆေးရုံကြီးမှ ကျောရိုးခွဲစိတ်ဆရာဝန်ကြီးများ ပူးပေါင်း၍ မွေးရာပါ ခါးရိုးကောက်လူနာ ၁၄ ဦးကို အောင်မြင်စွာ ပြန်လည်တည့်မတ် ခွဲစိတ်ကုသပေးနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ခွဲစိတ်ကုသမှုများကို ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ ခုတင်(၃၀၀)ဆံ့ ရန်ကုန်မြို့ အရိုးရောဂါအထူးကုဆေးရုံကြီး၏ ကျောရိုးပိုင်းဆိုင်ရာ ခွဲစိတ်ကုသဆောင်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ခွဲစိတ်မှုများကို ဆွစ်ဇာလန်နိုင်ငံ Swiss Spine Foundation မှ ကျောရိုးခွဲစိတ်ဆရာဝန်ကြီး ပါမောက္ခဒေါက်တာ ကံမင်းသည် ရန်ကုန်မြို့ အရိုးရောဂါအထူးကုဆေးရုံကြီးမှ ကျောရိုးခွဲစိတ် ဆရာဝန်များ ဖြစ်ကြသည့် ပါမောက္ခ/ဌာနမှူး ဒေါက်တာ ဇော်မင်းဟန်၊ ပါမောက္ခဒေါက်တာ သိန်းအောင်ကျော်၊ အထူးကုဆရာဝန်ကြီး ဒေါက်တာ ရှိန်မြင့်ဟန်၊ အထူးကုဆရာဝန်ကြီး ဒေါက်တာကျော်လင်းလင်းတို့နှင့် ပူးပေါင်းကာ ဇွန် ၂၉ ရက်မှ ဇူလိုင် ၃ ရက်အထိ မွေးရာပါခါးရိုးကောက်သော လူနာ ၁၄ ဦးကို ပြန်လည်တည့်မတ်ကုသခြင်းကို အောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ခါးရိုးကောက်သောရောဂါကုသခြင်းများကို ရန်ကုန်မြို့ အရိုးရောဂါအထူးကုဆေးရုံကြီး၏ ကျောရိုးပိုင်းဆိုင်ရာခွဲစိတ်ကုသဆောင်မှ ဆရာဝန်ကြီးများ ကိုယ်တိုင်သော်လည်းကောင်း၊ နိုင်ငံခြားမှ ကျွမ်းကျင်သော ကျောရိုးခွဲစိတ်အထူးကုဆရာဝန်များအား ဖိတ်ခေါ်၍သော်လည်းကောင်းဆောင်ရွက်လျက်ရှိရာ ၂၀၀၅ ခုနှစ်မှ စ၍ ယနေ့အထိ ခါးရိုးကောက်လူနာ ၂၃၀ ကျော်ကို အောင်မြင်စွာကုသပေးနိုင်ခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့ရှိ အရိုးရောဂါအထူးကုဆေးရုံကြီး၏ ကျောရိုးခွဲစိတ်ကုသဌာနတွင် မြန်မာနိုင်ငံတစ်ဝန်းလုံးမှ ကျောရိုး၊ လည်ပင်းအရိုး၊ ခါးရိုးနှင့် သက်ဆိုင် သောလူနာများလာရောက်ပြသလျက်ရှ်ိကြောင်း သိရသည်။
ရန်ကုန်အရိုးရောဂါအထူးကုဆေးရုံကြီး ပြင်ပလူနာဌာနကို တစ်ပတ် လျှင် ၃ ရက် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့တို့တွင် နံနက် ၈ နာရီမှ ညနေ ၄ နာရီခွဲ အထိ ဖွင့်လှစ်ကုသပေးလျက်ရှိပြီး တစ်နေ့လျှင် လူနာ ၁၄၀ ခန့် ကြည့်ရှုကုသပေးလျက်ရှိကာ ခွဲစိတ်ကုသရန်လိုအပ်သော လူနာများကို ကျောရိုးခွဲစိတ်ကုသဌာနတွင် ခွဲစိတ်ကုသပေးလျက်ရှိကြောင်း သိရသည်။
