သတိုး
၄. ၇. ၂၀၂၆
လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဗီယင်ကျန်းမြို့ရှိ လာအို အသေးစား၊ အလတ်စား စက်မှုလုပ်ငန်း Phontong Handicrafts Cooperation နှင့် Cama Crafts သို့ ယနေ့ သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။



Phontong Handicrafts Cooperative နှင့် CAMACrafts တို့သည် လာအိုနိုင်ငံရှိ ရှေးဟောင်းလက်မှုပညာ ထိန်းသိမ်းရေးနှင့် ကျေးလက်ဒေသအမျိုးသမီးများ ဝင်ငွေရှာဖွေနိုင်ရန် ရည်ရွယ်တည်ထောင်ထားသော ထင်ရှားသည့် လက်မှုလုပ်ငန်းများ ဖြစ်သည်။ ဤအဖွဲ့အစည်းနှစ်ခုစလုံးသည် တိုက်ပွဲများကြောင့် ပြောင်းရွှေ့နေထိုင်ခဲ့ရသော မိသားစုများ၏ ဘဝကို မြှင့်တင်ပေးရန် အစပြုခဲ့ခြင်းဖြစ်ပြီး CAMACrafts သည် Hmong လူမျိုးစုအမျိုးသမီးများ၏ ယဉ်ကျေးမှုကို ထင်ဟပ်စေသည့် MSME လုပ်ငန်းဖြစ်သည်။
Phontong Handicrafts Cooperative သည် ၁၉၇၆ ခုနှစ်တွင် Kommaly Chanthavong ဦးဆောင်၍ ဗီယန်ကျင်းမြို့ရှိ Phontong ရွာမှ စစ်ဘေးရှောင် အမျိုးသမီး (၁၀) ဦးဖြင့် စတင်ခဲ့သည်။ ယနေ့ကာလတွင် ရွာပေါင်း ၃၅ ရွာမှ အမျိုးသမီး ၄၅၀ ကျော် ချိတ်ဆက်လုပ်ကိုင်နေပြီး သဘာဝဆိုးဆေးနှင့် ရှေးရည်လာအို ပိုးထည်ရက်လုပ်နည်းများကို အဓိကထား ဆောင်ရွက်ကာ လက်ရက်လုပ် ပိုးထည်ပုဝါများနှင့် အခြားအထည်အလိပ်များ ထုတ်လုပ်နေသည်။



CAMACrafts ကို Cama Services မှ ၁၉၉၀ ပြည့်နှစ်တွင် ဒုက္ခသည်စခန်းတစ်ခု၌ စီမံကိန်းအဖြစ် စတင်ခဲ့ပြီး ကျေးလက်အမျိုးသမီး ၂၅၀ ခန့်ကို ဝင်ငွေဖန်တီးပေးသည်။ အဓိကအဖြစ် လက်ဖြင့် ဇာထိုးခြင်း၊ စိတ်ကူးပုံဖော် ချုပ်လုပ်ခြင်း၊ တီထွင်ဖန်တီးနိုင်မှုစွမ်းရည်များကို အသုံးပြုကာ အိတ်များ၊ ခေါင်းအုံးစွပ်များနှင့် လာအို-ဟွန့်လူမျိုးတို့၏ ရိုးရာဇာထိုးပစ္စည်းများ ထုတ်လုပ်နေသည်ဟု သိရသည်။


