MT News
၃. ၇. ၂၀၂၇
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဖော်ဆောင်ရာတွင် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရန်နှင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် အထူးလိုအပ်သည်ဟု ယုံကြည်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ကြိုတင်ကန့်သတ်ချက်များမထားသည့် ဆွေးနွေးပွဲများ ပြုလုပ်နိုင်ရန် ကြေညာချက်အမှတ် ၁/၂၀၂၆ ဖြင့် ၂၀၂၆ ခုနှစ် ဧပြီ ၂၁ ရက်တွင် ကမ်းလှမ်းဖိတ်ခေါ်ခဲ့ရာ အဆိုပါ ဖိတ်ခေါ်ချက်အရ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် မွန်ပြည်သစ်ပါတီ (NMSP)တို့ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ M Gallery ဟိုတယ် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ မွန်ပြည်သစ်ပါတီ (NMSP) ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်း၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များဖြစ်ကြသည့် နိုင်အောင်မငေးနှင့် နိုင်ဗညားချမ်းနွန်၊ ဗဟိုကော်မတီဝင်များဖြစ်ကြသည့် နိုင်အမ်စိုက်ချမ်းနှင့် နိုင်ကွန်းစိုက်နှင့် ရုံးအဖွဲ့မှူး နိုင်ဇော်မင်းဦးတို့ ပါဝင်သည့်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ယခုဆွေးနွေးပွဲသည် အစိုးရသစ်တက်လာပြီး ငြိမ်းချမ်းရေးဖိတ်ခေါ်မှုအရ ဆွေးနွေးခြင်းဖြစ်ကြောင်း၊ ၂၀၂၁ ကာလတွင် ပြည်နယ်များ၌ ပဋိပက္ခများဖြစ်ပွားခဲ့သော်လည်း မွန်ပြည်နယ်သည် တည်ငြိမ်မှုရှိခဲ့ကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးမည်ဖြစ်ပါကြောင်း၊ ပညာရေး၊ ကျန်းမာရေးလိုအပ်ချက်များအား သက်ဆိုင်ရာသို့ တင်ပြပြီး ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်းနှင့် ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားသည်။
ယင်းနောက် မွန်ပြည်သစ်ပါတီ (NMSP) ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်းက NSPNC အနေဖြင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် လွတ်လပ်ပြီး ကြိုတင်ကန့်သတ်ချက်များမထားသည့် ဆွေးနွေးပွဲများ ကျင်းပပြုလုပ်နိုင်ရေး၊ ငြိမ်းချမ်းရေးတည်ဆောက်သည့် နေရာတွင် စေတနာမှန်ကန်မှု၊ နိုင်ငံရေးဆန္ဒနှင့် စိတ်ရှည်သည်းခံမှုတို့နှင့်သာ တည်ဆောက်နိုင်ရေး၊ နိုင်ငံတော်မှ စစ်ရေး၊ နိုင်ငံရေးအပြင် ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေး၊ စီးပွားရေးစသည့် ဖြေလျှော့မှုများကို ပြုလုပ်ပေးနိုင်ရေး၊ အပစ်အခတ်ရပ်စဲရေး အသီးအပွင့်အကျိုးကျေးဇူးများကို ရရှိခံစားနိုင်ရေး၊ အလွတ်သဘောတွေ့ဆုံပွဲမှသည် အနှစ်သာရရှိပြီး အားလုံးပါဝင်နိုင်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်နိုင်ရန် ပွင့်လင်းမြင်သာစွာဖြင့် အပြန်အလှန်ယုံကြည်မှုနှင့် စဉ်ဆက်မပြတ် လုပ်ဆောင်ရေးကိစ္စတို့ကို ပြောကြားသည်။
ထို့နောက် တက်ရောက်လာသူများက ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ၊ မွန်စာပေသင်ကြားနိုင်ရေးကိစ္စ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးဝါးအထောက်အပံ့ရရှိရေးကိစ္စ၊ ရေးမြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကော့ကရိတ်မြို့နယ် အနောက်ဘက်ခြမ်း (ဂျိုင်းမြစ်တောင်ဘက်ခြမ်း)၊ တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြောက်ပိုင်းကျေးရွာများတွင် သတ်မှတ်ထားသည့်ပုံစံအတိုင်း မွေးစာရင်းအချက်အလက်များကို အတည်ပြုမွေးစာရင်းထုတ်ပေးနိုင်ရေး၊ လမ်း၊ တံတားများကို ဦးစားပေးအစီအစဉ်အနေဖြင့် ဆောက်လုပ်ပေးရေးကိစ္စနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် အပြန်အလှန် ပေါင်းစပ်ဆောင်ရွက်နိုင်ရေးကိစ္စတို့အား ဆွေးနွေးခဲ့ကြသည်။
ဆက်လက်ပြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က NMSP မှ တင်ပြသည့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ၊ ယခင် Bilateral တွေ့ဆုံဆွေးနွေးမှုအခြေအနေများနှင့် ဒေသတည်ငြိမ်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စတို့အား ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် နှစ်ဖက်ဆွေးနွေးချက်များအပေါ် မှတ်တမ်းတင်နိုင်ရန် ညှိနှိုင်းပြီး လက်မှတ်ရေးထိုး အတည်ပြုကြသည်။
ယင်းနောက် မွန်ပြည်သစ်ပါတီ (NMSP) ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်းက ကျေးဇူးတင်စကားပြောကြားပြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကာ အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်၍ ဆွေးနွေးပွဲအား ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
