၃.၇.၂၀၂၆
Translated by Htwe Ko Tun
ဗင်နီဇွဲလားနိုင်ငံမှာ ဒေသစံတော်ချိန် ဇွန်လ ၂၄ ရက်၊ ညနေ ၆ နာရီ ၄ မိနစ်က အင်အားပြင်းငလျင်နှစ်ခု ဆက်တိုက်ဆိုသလို လှုပ်ခတ်ပြီး ရှစ်ရက်အကြာ ဇူလိုင်လ ၂ ရက်မှာတော့ နိုင်ငံတကာကယ်ဆယ်ရေး အဖွဲ့တစ်ဖွဲ့က ပြိုကျသွားတဲ့ အဆောက်အအုံတစ်ခုရဲ့ အပျက်အစီးပုံတွေအတွင်းမှ အမျိုးသားတစ်ဦးကို အသက်ရှင်လျက် ဆွဲထုတ်ကယ်တင်နိုင်ခဲ့ပါတယ်။
ဗင်နီဇွဲလား၊ ချီလီ၊ အမေရိကန်ပြည်ထောင်စု၊ ပေါ်တူဂီ၊ ကော့စတာရီကာ၊ အယ်လ်ဆာဗေဒိုနဲ့ မက္ကဆီကိုနိုင်ငံတွေက ကယ်ဆယ်ရေးသမားတွေဟာ သူ့ကို ကယ်တင်ဖို့ သုံးရက်ကြာ အလုပ်လုပ်ခဲ့ကြရပါတယ်။

အသက် ၄၃ နှစ်အရွယ် ဟာနန် ဂီလ်ဟာ ကာတီရာ လာမာမြို့ရှိ ခုနစ်ထပ် အဆောက်အအုံမှာ ညစောင့်အဖြစ် လုပ်ကိုင်နေတာမှာ ငလျင်ဒဏ်နဲ့ အဆောက်အအုံရဲ့ အစိတ်အပိုင်းတစ်ခု ပြိုကျပြီး အပျက်အစီးတွေအောက်မှာ ရှစ်ရက်ကြာ ပိတ်မိနေခဲ့တာပါ။
ဟာနန် ဂီလ်ရဲ့ဇနီး ဂပ်စ်ဘီမာ ဂွန်ဇာလက်ဇ် ကတော့ ဒီသတင်းကြောင့် ဇူလိုင်လ ၂ ရက်က ပျော်ရွှင်ခဲ့ရပါတယ်။
ဂပ်စ်ဘီမာက “ကျွန်မ အရမ်းအံ့သြမိပါတယ်။ လူတစ်ယောက်ကို ကယ်တင်ဖို့ တစ်ခုတည်းသော ရည်ရွယ်ချက်အတွက် နိုင်ငံအများအပြား ဒီလိုစုဝေးကြတာကို ပထမဆုံးအကြိမ် မြင်တွေ့ခဲ့ရတာပါ၊ ဒါက တကယ်ကို အံ့ဖွယ်အမှုပါပဲ” လို့ AFP သတင်းဌာနကို ပြောပါတယ်။
သူမက “သူ့ မှာ ထိခိုက်ဒဏ်ရာရတာ မရှိပါဘူး။ စိတ်ဒဏ်ရာလည်း မရှိပါဘူး။ စားပွဲနဲ့ ထိုင်ခုံအောက်မှာ ပုန်းနေနိုင်ခဲ့ပါတယ်။ သူဟာ အံ့သြဖွယ်ကောင်းအောင် အနည်းငယ်သာ ထိခိုက်ဒဏ်ရာရပြီး အသက်ရှင် ကျန်ရစ်ခဲ့တယ်” လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။
ကယ်ဆယ်ရေးသမားတွေက သူနဲ့ ဆက်သွယ်ဖို့ တယ်လီစကုပ်ကင်မရာကို အသုံးပြုခဲ့ပြီး ရေပိုက်ကနေတစ်ဆင့် ရေထောက်ပံ့ပေးခဲ့သလို အပျက်အစီးတွေကြားကနေ အောက်ဆီဂျင်ထောက်ပံ့ပေးဖို့ ပြွန်တစ်ခု ထည့်သွင်းပေးခဲ့ပါတယ်။

ဒီလိုကပ်ဘေး အခြေအနေတွေမှာ ကယ်ဆယ်ရေးသမားတွေအဖို့ အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေဖို့ ၄၈ နာရီကနေ ၇၂ နာရီ အထိပဲ အများအားဖြင့် အချိန်ရကြပါတယ်။ ဒါပေမယ့် ဒီနည်းလမ်းတွေနဲ့ ဆောင်ရွက်မှုက သူ့ကို ဒီလိုဘေးအန္တရာယ်တွေကနေ လွတ်မြောက်ဖို့ ရှစ်ရက်ကြာတဲ့အထိ ပိုကြာကြာ အသက်ရှင်နိုင်အောင် ကူညီပေးခဲ့ပါတယ်။
ချီလီကယ်ဆယ်ရေးအဖွဲ့ ခေါင်းဆောင် ခရစ်စတီယန် ဗီရာက”ကယ်ဆယ်ရေးသမားတွေအဖို့ ဟာနန်ဂီလ် ရှိတဲ့နေရာကို အတိအကျဝင်ရောက်ဖို့ မလွယ်ကူတဲ့ အပျက်အစီးတွေအောက်မှာ အတော်လေး ရှုပ်ထွေးတဲ့ အခြေအနေပါ” လို့ AFP ကို ပြောကြားခဲ့ပါတယ်။
ဗင်နီဇွဲလား ကြားဖြတ်သမ္မတ ရိုဒရီဂွက်ဇ်က ငလျင်ကြောင့်သေဆုံးသူဦးရေဟာ အနည်းဆုံး လူ ၂,၅၉၅ ဦး ရှိပြီး ဒဏ်ရာရသူ ၁၂,၀၀၀ ကျော် ရှိသွားပြီလို့ ဇူလိုင်လ ၂ ရက်မှာ ပြောခဲ့ပါတယ်။ အစိုးရရဲ့ စာရင်းဇယားတွေအရလည်း ငလျင်လှုပ်ခတ်မှုတွေကြောင့် လူ ၃၈,၅၀၀ ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
NASA အချက်အလက်တွေအရ အဆောက်အဦ ၆၀,၀၀၀ နီးပါး ပျက်စီးယိုယွင်းခဲ့ရတယ်လို့ ဆိုပါတယ်။
Ref-DW News

