MT News
၂. ၇. ၂၀၂၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပါ ပြဋ္ဌာန်းချက်တွင် ပါဝင်သည့် “နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းရန် တာဝန်ရှိသည်” ဟူသည့်အချက်အား လက်တွေ့အကောင်အထည်ဖော်ခဲ့ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေအရ ပြည်သူ့စစ်မှုထမ်းအမှတ်စဉ် (၃/၂၀၂၄) တွင် မိမိဆန္ဒအလျောက် စိတ်အားထက်သန်စွာ ပါဝင်စာရင်းပေးသွင်းကာ နိုင်ငံတော်ကာကွယ်ရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးတာဝန်များကို နိုင်ငံ့သားကောင်းများပီသစွာ စွမ်းစွမ်းတမံထမ်းဆောင်ခဲ့ကြသော ပြည်သူ့စစ်မှုထမ်းများသည် ယခုအခါ သတ်မှတ်စစ်မှုထမ်းကာလ ပြည့်မြောက်ခဲ့ပြီဖြစ်သည်။
ထိုသို့ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသည့် နိုင်ငံ့သားကောင်း ပြည်သူ့စစ်မှုထမ်းများအား ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်းလက်မှတ် ချီးမြှင့်ပေးအပ်ခြင်းနှင့် ပြည်သူ့စစ်မှုထမ်းတံဆိပ် ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားများကို ဇူလိုင် ၁ ရက်နေ့တွင် တိုင်းစစ်ဌာနချုပ်အသီးသီး၌ ကျင်းပပြုလုပ်ရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော်အရာရှိကြီးများ၊ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သတ်မှတ်စစ်မှုထမ်းကာလကို တာဝန်ကျေပွန်စွာ ထမ်းဆောင်ပြီးမြောက်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များ တက်ရောက်ကြသည်။
အခမ်းအနားများတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော်အရာရှိကြီးများ၊ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများက ဂုဏ်ပြုအမှာစကားများ အသီးသီးပြောကြားကြသည်။ ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော် အရာရှိကြီးများ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက စစ်မှုထမ်းတာဝန် ကျေပွန်စွာ ထမ်းဆောင်၍ သတ်မှတ်စစ်မှုထမ်းကာလပြည့်မြောက်ခဲ့သည့် နိုင်ငံ့သားကောင်း ပြည်သူ့စစ်မှုထမ်းများအား ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်းလက်မှတ်၊ ပြည်သူ့စစ်မှုထမ်းတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြပြီး အခမ်းအနားအသီးသီးသို့ တက်ရောက်လာကြသူများအား လက်ဖက်ရည်ဝိုင်းများ၊ ဂုဏ်ပြုနေ့လယ်စာများဖြင့် တည်ခင်းဧည့်ခံ၍ နိုင်ငံ့သားကောင်း စစ်သည်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။
သတ်မှတ်စစ်မှုထမ်းကာလ ပြည့်မြောက်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းများအနေဖြင့် နိုင်ငံတော်တွင် ဖြစ်ပေါ်လျက်ရှိသည့် အရေးပေါ်အခြေအနေများတွင် ကိုယ်ကျိုးမဖက် စွန့်လွှတ်အနစ်နာခံကာ ၎င်းတို့၏ဘဝတွင် နိုင်ငံတော်အပေါ် သစ္စာစောင့်သိမှု၊ စည်းကမ်းလိုက်နာမှုတို့ဖြင့် ပေးအပ်လာသော နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ဂုဏ်ယူစွာထမ်းဆောင်ခဲ့ကြသည့်အပြင် သဘာဝဘေးများ ကျရောက်ချိန်တွင်လည်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ သွားရောက်ကူညီကယ်ဆယ်ကြသူများအဖြစ်လည်းကောင်း၊ နိုင်ငံကြီးသားပီသစွာဖြင့် ဥပဒေပါ တာဝန်များကို ကျေပွန်ခဲ့ကြသူများအဖြစ်လည်းကောင်း သမိုင်းဝင်ကမ္ဗည်းမော်ကွန်းထိုး မှတ်တမ်းဝင်ခဲ့ကြပြီဖြစ်သည်။
နိုင်ငံတော်နှင့် တပ်မတော်အနေဖြင့်လည်း ၎င်းတို့စစ်မှုထမ်းဆောင်စဉ်ကာလတစ်လျှောက်တွင် ရသင့်ရထိုက်သည့် အကျိုးခံစားခွင့်များ၊ လစာ၊ ရိက္ခာနှင့် အခြားထောက်ပံ့မှုများ ရရှိစေရေးအတွက် စနစ်တကျ ဆောင်ရွက်ပေးခဲ့သည့်အပြင် ပြည်သူ့စစ်မှုထမ်းနိုင်ငံ့သားကောင်းများက နိုင်ငံတော်အတွက် လိုအပ်နေသည့်အချိန်တွင် အသက်ကို ပဓာနမထားဘဲ နိုင်ငံ့အကျိုးအတွက် တပ်မတော်၏ အရန်အင်အားအဖြစ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့မှုအပေါ် နိုင်ငံတော်နှင့် တပ်မတော်က တန်ဖိုးထား လေးစားဂုဏ်ပြုလျက်ရှိကြောင်း သိရှိရသည်။









