



၃၀.၆.၂၀၂၆
Written by Nay Yaung Lin
ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေ အပြည့်အ၀ကောင်းမွန်နေပြီး ပုံမှန်ဆေးစစ်မှုများ ပြုလုပ်ပေးနေကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ခိုင်ခိုင်စိုးက ဇွန် ၃၀ ရက်တွင် ပြောကြားခဲ့သည်။
နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး တိုးချဲ့ဆောင်(၃) တွင် ယနေ့ ဇွန် ၃၀ ရက်၊ နေ့လယ် ၁ နာရီတွင် စတင်ကျင်းပခဲ့သည့် နိုင်ငံတော်သမ္မတရုံး၏ ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲတွင် NHK သတင်းဌာနမှ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေနှင့် အာဆီယံအထူးကိုယ်စားလှယ်နှင့် တွေ့ဆုံခွင့်ပေးရန် ရှိမရှိမေးမြန်းမှုကို ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်ဖြစ်သည်။
နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါ်ခိုင်ခိုင်စိုးက “ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အခြေအနေ အလွန်ကောင်းမွန်နေပါတယ်။ ဘာမှ ပြဿနာမရှိပါဘူး။ ဘာအခက်အခဲမှ မရှိပါဘူး။ အပြည့်အဝကို ကောင်းမွန်နေပါတယ်။ ဆေးစစ်မှုတွေကိုလည်း ပုံမှန် ဆေးစစ်တာတွေကိုလည်း ပြုလုပ်ပေးနေပါတယ်ရှင်။ ဒါက ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ပါ ” ဟု ပြောကြားခဲ့သည်။
ဆက်လက်ပြီး အာဆီယံအထူးကိုယ်စားလှယ်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ခွင့်နှင့် ပတ်သက်၍ ပြစ်ဒဏ်ကျခံနေရသူဖြစ်၍ နိုင်ငံတကာကိုယ်စားလှယ်နှင့် တွေ့၍ မရကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။
“အာဆီယံ အထူးကိုယ်စားလှယ်က တွေ့ခွင့်တောင်းတာ၊ တွေ့ခွင့် ပေး/မပေးနော်။ ဒီမေးခွန်းကတော့ ဒါက ကျွန်မတို့ ဒေါ်အောင်ဆန်းစုကြည်သည် ပြစ်မှုတွေနဲ့ ပေါ့နော်။ ဥပဒေအရ ရေးယူခံထားရတဲ့ ပြစ်ဒဏ်ကျခံနေရတဲ့သူ ဖြစ်ပါတယ်။ အဲဒီအတွက် ဒီ International ကိုယ်စားလှယ်နဲ့တော့ တွေ့လို့ မရပါဘူး။ ပြစ်ဒဏ်ကျခံပြီးသွားတဲ့ အချိန်ကျရင်တော့ ဒါက တွေ့ခွင့်ရရင်လည်း ရနိုင်ပါတယ်။ အခုအချိန်ကတော့ ပြစ်ဒဏ်ကျခံနေရတဲ့သူ ဖြစ်တဲ့အတွက် တွေ့ခွင့်မရပါဘူးရှင်” ဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ခိုင်ခိုင်စိုးက ပြောကြားခဲ့သည်။
တစ်ဆက်တည်းအားဖြင့် ဇူလိုင်တွင် ကျင်းပမည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးနှင့် နိုဝင်ဘာတွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ မြန်မာနိုင်ငံက တက်ရောက်နိုင်မှု အခြေအနေနှင့် ပတ်သက်သည့် မေးခွန်းကို ဖြေကြားခဲ့ရာတွင် တက်မည်လားဆိုသည်ထက် ဖိတ်မှာလားဟု ပြန်မေးရမည်ဖြစ်ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက ဖြေကြားခဲ့သည်။
“အာဆီယံကို တက်မှာလားဆိုတော့ ဖိတ်မှာလားလို့ ကျွန်မ ပြန်မေးရလိမ့်မယ်။ ဖိတ်ရင် တက်မှာပါ။ ဟုတ်။ ဖိတ်မလားဆိုတာ မေးခွန်းတစ်ခု။ နောက်တစ်ခုကတော့ သူတို့က အဆင့် နောက်ပိုင်းကျတော့
ဟို ဘယ်အဆင့်ဝန်ထမ်းပေါ့နော်၊ MOFA (နိုင်ငံခြားရေးဝန်ကြီးဌာန) က ဘယ်သူ၊ ဘယ်သူ၊ ဘယ်ဝါ ဒါမျိုးလေးတွေလည်း လာပါတယ်။ ဒါပေမဲ့ ကျွန်မတိုသည် စောစောက ပြောခဲ့တဲ့ ဒေသတွင်းမှာ အာဆီယံနဲ့ မိတ်ဝတ်မပျက် ဆက်ဆံရေးအတွက် ကျွန်မတို့ဘက်က လုံးဝ တာဝန်မပျက်ကွက်ပါဘူး။ အမြဲတမ်း ကျွန်မတို့ တက်ရောက်နေပါတယ် ” သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားခဲ့သည်။
