၃၀.၆.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုမှ လူဝင်မှုကြီးကြပ်ရေးဥပဒေများအရ နှင်ထုတ်ခံရပြီး ဗင်နီဇွဲလားနိုင်ငံသို့ ပြန်လည်ရောက်ရှိကာ ဟိုတယ်တွင်ခေတ္တ တည်းခိုနေသော ဗင်နီဇွဲလားနိုင်ငံသား ၁၀၀ ကျော်မှာ မိခင်နိုင်ငံပြန်ရောက်ပြီးစ နာရီပိုင်းအတွင်း ပြင်းထန်သော ငလျင်လှုပ်ခတ်မှုများနှင့်ကြုံရပြီးနောက် ယခုအခါ ပျောက်ဆုံးနေကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။
၎င်းတို့ကို အမေရိကန်ပြည်ထောင်စုမှ နှင်ထုတ်ခံရပြီးနောက် ဗင်နီဇွဲလားနိုင်ငံသို့ ပြန်ပို့မည့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လေယာဉ်က မိုင်ယာမီမှ ထွက်ခွာလာခဲ့ရာ ဇွန်လ ၂၄ ရက်ညနေပိုင်း ငလျင်နှစ်ခုမလှုပ်မီ နာရီပိုင်းအလိုတွင် ကာရာက့်စ်မြို့သို့ ရောက်ရှိလာခဲ့သည်။ အမေရိကန် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ သတင်းရင်းမြစ်က လေယာဉ်ပေါ်တွင် အမျိုးသမီး ၁၉ ဦးနှင့် ကလေးခုနစ်ဦး အပါအဝင် ဗင်နီဇွဲလား နိုင်ငံသား ၁၄၆ ဦး လိုက်ပါလာခဲ့ကြောင်း ပြောခဲ့သည်။
ထို့နောက် ဗင်နီဇွဲလား အာဏာပိုင်များက ပြည်နှင်ဒဏ်ပေးခံရသူများအား ဆေးစစ်မှုများ၊ ကာကွယ်ဆေး ထိုးခြင်းနှင့် မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများဆောင်ရွက်ရန် ငလျင်ဒဏ်ကိုဆိုးဝါးစွာခံခဲ့ရသည့် လာဂွေရာမြို့ရှိ Hotel Santuario La Llanada ဟိုတယ်သို့ ရွှေ့ပြောင်းပေးခဲ့သည်။
၎င်းတို့ ထိုဟိုတယ်၌ ရောက်ရှိနေစဉ်မှာပင် ပြင်းထန်သောငလျင်များ လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။
၎င်းတို့အနက် အသက် ၅၈ နှစ်အရွယ် လစ်ဘက် ပေါ်တီလို (Lisbeth Portillo) အမည်ရှိ အမျိုးသမီးတစ်ဦးမှာမူ ငလျင်ကြောင့်ပြိုကျနေသော ဟိုတယ်အပျက်အစီးများကြားမှ အခြားပြည်နှင်ဒဏ်ပေးခံရသူ ၂၀ ဦးခန့်နှင့်အတူ လွတ်မြောက်လာခဲ့ပြီး လမ်းများပေါ်တွင် အကူအညီအတွက် လမ်းလျှောက်နေကြသည်ကို တွေ့ကြရသည်။
“ကျွန်မတို့ ငါးကီလိုမီတာလောက် လမ်းလျှောက်ခဲ့ပြီး ငိုယိုနေခဲ့တယ်။ ဘယ်မှလဲ ဆက်သွယ်လို့ မရဘူး” ဟု မာရာကိုင်ဘိုမြို့ Maracaibo ရှိ သူမ၏နေအိမ်နှင့် ဖုန်းဆက်သွယ်မှုတစ်ခုတွင် ပေါ်တီလိုက ပြောကြားခဲ့သည်။
ပြည်နှင်ဒဏ်ပေးခံရသူများအနက် ၎င်းတို့မှလွဲ၍ ဟိုတယ်အပျက်အစီးများအောက်တွင် နစ်မြုပ်နေသည် ဟုယူဆရသော အခြားအများစုမှာမူ ပျောက်ဆုံးနေသူများအဖြစ် သတ်မှတ်ခံထားရသည်။
Ref- AP
